ကျွန်းနှင့်သစ်မာသစ်များကို ပြည်သူများ လွတ်လပ်စွာ တရားဝင် သုံးစွဲခွင့်ရရှိရေးအတွက် ဥပဒေ
များကို ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးဝန်ကြီးဌာန၏ သတင်းများကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ရ ရက်က
ဖော်ပြထားသည်။
မြန်မာ့ကျွန်းသစ်များသည် ကမ္ဘာပေါ်ရှိ အရည်အသွေးအကောင်းဆုံး ကျွန်းသစ်များတွင် ပါဝင်သော
ကြောင့် မြန်မာနိုင်ငံတွင် အလောင်းမင်းတရားလက်ထက် ၁၇၅၁ ခုနှစ်မှ စတင်၍ ကျွန်းပင်နှင့် ကျွန်း
သစ်များကို တော်ဝင်သစ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်မှာ လက်ရှိအချိန်
ကာလထိ ရှိနေ သေးသည့်အတွက် ယခုအခါ ပြည်သူများ မြန်မာ့ကျွန်းသစ်များကို လွတ်လပ်စွာ
အသုံးပြုနိုင်ရေးအတွက် အဆိုပါ ဥပဒေကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျွန်းနှင့် သစ်မာများကို ပြည်သူများ တရားဝင် သုံးစွဲခွင့်ရရှိစေရန်အတွက် လေလံတင်
ရောင်းချပေး နေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှတစ်ဆင့်လည်း လွှဲပြောင်း
ရောင်းချပေးလျက် ရှိ သည်။ မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ရပ်နားထားခဲ့ပြီး ပဲခူးရိုးမဒေသကို ၁ဝ နှစ်ထိ သစ်ထုတ်လုပ်မှု ရပ်နားထားခဲ့သော်လည်း လာမည့်
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တောထွက် ပမာဏသတ်မှတ်ချက်ဘောင်အတွင်း လျှော့ချထုတ်လုပ်
ကာ သစ်ထုတ်လုပ်ခြင်းကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။










