မြန်မာ့ဆန်တင်ပို့မှု၏ ၈ဝ ရာခိုင်နှုန်းခန့် နေရာယူထားသော တရုတ်နိုင်ငံမှ ဆန်အရည်အသွေး
စစ်ဆေးရေးအဖွဲ့တစ်ဖွဲက မြန်မာနိုင်ငံရှိ ဆန်စက်များ၏ အရည်အသွေးကို လာရောက်စစ်ဆေး
မည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်
ဦးခင်မောင်လွင်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖေ်ာဝါရီလ ၈
ရက်က ဖော်ပြထားသည်။
တရုတ်နိုင်ငံဘက်မှ လာရောက်စစ်ဆေးပြီးမှသာ မိမိတို့ဘက်မှ လိုအပ်ချက်များကို သိရှိပြီး စျေးကွက်
လိုအပ် ချက်ကို ပြောင်းလဲနိုင်မည် ဖြစ်ကြောင်း၊ ပုဂ္ဂလိက ဆန်တင်ပို့သည့် ကုမ္ပဏီတစ်ခုနှင့် ချိတ်
ဆက်ပြီး စစ်ဆေးရန် အဆင့်မီသည့် ဆန်စက်သို့ လိုက်ပို့ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံအတွင်းတွင်
လည်း အရည်အသွေးမီ ဆန်စက်များ အများအပြား ရှိနေပြီ ဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြော
ကြားခဲ့သည်။
ဆန်တင်ပို့မှုစျေးကွက်မှာ တရုတ်နိုင်ငံကိုသာ အားထားနေရကြောင်း၊ မူဆယ် နယ်စပ်ကုန်သွယ်ရေး
စခန်းမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဓာတုအကြွင်းအကျန်များ ရှိသည်ဟုဆိုကာ ငြင်းပယ်မှုများ
ရှိခဲ့ကြောင်း၊ ကုန်သည်များဘက်မှ အတတ်နိုင်ဆုံး အရည်အသွေးမီစေရေး ကြိုးပမ်းနေသော်လည်း
တောင်သူများအနေဖြင့် စိုက်ပျိုးမှုနည်းစနစ်မှ ဆန်ထုတ်လုပ်သည့် အဆင့်အထိ တတ်ကျွမ်းနားလည်
ရန် လိုနေသေးကြောင်း ဆန်စက် လုပ်ငန်းရှင် ဦးဟန်သာမြင့်၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံ၌ ဆန်စက်လုပ်ငန်းများ ရှိသော်လည်း အဆင့်မြင့် ကြိတ်ခွဲနိုင်သည့် ဆန်စက်အရေအတွက်
နည်းပါး ခြင်းနှင့် ကြီးမားသော စျေးကွက်မရှိသေးခြင်းတို့ကြောင့် ပြည်ပသို့ တင်ပို့နိုင်သော အရည်
အသွေးမီ ဆန်များ ထုတ်လုပ်နိုင်မှု အားနည်းနေခြင်း၊ ကုန်ကြမ်းနှင့် ကုန်ချော စျေးနှုန်းမညီမျှခြင်းတို့
တွေ့ကြံုနေရခြင်း ဖြစ်သည်။ ပြည်ပသို့ တင်ပို့သော ဆန်များ အဆင့်မီစေရန် ခေတ်မီဆန်စက်များ၊
သိုလှောင်ရုံများ၊ အခြောက်ခံ စက်များနှင့် အရည်အသွေးအာမခံချက်ရှိသော တန်းမြင့်ဆန်စက်များကို
အဆင့်မြင့်နည်းပညာဖြင့် တည်ဆောက်နိုင်ရေးအတွက် ကာလတို၊ ကာလလတ် ချေးငွေပေးခြင်းဖြင့် ကူညီပေးသင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အစိုးရကို အကြံပြုထားသည်ဟု ဆိုသည်။










