ကုန်ကြမ်းဖြစ်သော ငါးသေးလေးများ ရှားပါးလာသောကြောင့် ငါးပိစျေးကွက်အတွင်း နှစ်စဉ်စျေးနှုန်း မြင့်တက်လျက်ရှိ

ကုန်ကြမ်းဖြစ်သော ငါးသေးလေးများ ရှားပါးလာသောကြောင့် ငါးပိစျေးကွက်အတွင်း နှစ်စဉ်စျေးနှုန်း မြင့်တက်လျက်ရှိ

ကုန်ကြမ်းဖြစ်သော ငါးသေးလေးများ ရှားပါးလာမှုကြောင့် ငါးပိစျေးကွက်အတွင်း ငါးပိ
စျေးနှုန်းများ နှစ်စဉ် မြင့်တက်လျက်ရှိပြီး သုံးနှစ်တာ ကာလအတွင်း ငါးပိစျေးနှုန်း နှစ်ဆ
မြင့်တက်ခဲ့ကြောင်း ပဲခူးမြို့၊ ရန်ကုန်-မန္တလေး လမ်းမဘေးရှိ ငါးပိပွဲရုံတန်းများ၏ ပြောကြား
ချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၈ ရက်က ဖော်ပြထားသည်။

မြစ်ချောင်း၊ အင်းအိုင်များတွင် ငါးသေးလေးများ ရှားပါးလာသည့်အပြင် ငါးခြောက်ပြုလုပ်မှု
များပြားခြင်း၊ ငါးချဉ်ပြုလုပ်သူ များပြားခြင်း၊ တိရစ္ဆာန်အစာအဖြစ် မွေးမြူရေးအစာထုတ်စက်ရုံ
များမှ ဝယ်ယူမှု များပြားခြင်းတို့ကြောင့် ငါးပိကုန်ကြမ်း ရှားပါးလာခြင်း ဖြစ်သည်။

၂ဝ၁၄ ခုနှစ်ခန့်က ပဲခူးမြို့နယ်တွင် ငါးပိအကောင်သေး တစ်ပိဿာ လျှင် ငွေကျပ် ၅ဝဝ မှ ငါးပိ
အကောင်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝ စျေးသာ ရှိခဲ့သော်လည်း လက်ရှိတွင် ငါးပိ အကောင်
သေး တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝ မှ ငါးပိအကောင်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝ အထက် စျေး
ရှိကြောင်း သိရသည်။

ငါးပိအမျိုးအစားများတွင် ရေကျိုငါးပိ၊ စိမ်းစားငါးပိ၊ မျှင်ငါးပိ စသည်တို့အနက် မျှင်ငါးပိ ပြုလုပ်သည့်
ကုန်ကြမ်း မှာ ပိုမိုရှားပါးလျက် ရှိကြောင်း သိရပြီး ငါးပိလုပ်သော ငါးသေးလေးများမှာ ငါးစင်ရိုင်း၊
ငါးခုံးမ၊ ငါးဖျင်းသလက်၊ ငါးမှုန် စသော ငါးသေးလေးများ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကုန်ကြမ်းစျေးမြင့်တက်မှုကြောင့် ငါးပိ၊ ငါးခြောက်လုပ်ကိုင်သူများ အခက်အခဲရှိလာကာ ငါးပိ၊ ငါးခြောက်စျေးနှုန်းများ မြင့်တက်နေသော်လည်း ငါးပိ စားသုံးမှုမှာ လျော့ကျသွားခြင်း မရှိဟု ဆိုသည်။