ရှင်ဥပဂုတ္တဖောင်တော် ပင့်ဆောင်ပွဲနှင့် လှေလှော်ပြိုင်ပွဲ ပြည်မြို့တွင် ကျင်းပခဲ့

ရှင်ဥပဂုတ္တဖောင်တော် ပင့်ဆောင်ပွဲနှင့် လှေလှော်ပြိုင်ပွဲ ပြည်မြို့တွင် ကျင်းပခဲ့

 

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ဧရာဝတီမြစ်အတွင်းမှ ရှင်ဥပဂုတ္တဖောင်တော်
ပင့်ဆောင်ပွဲနှင့် အတူ လှေလှော်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်က နှစ်ရက်ကြာ ကျင်းပခဲ့
ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၈ ရက်က ဖော်ပြထားသည်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရန်နှင့် ဓလေ့ထုံးစံများကို ယုံကြည်မှုအရ ပြည်မြို့ ဧရာဝတီမြစ်
ကမ်းတွင် အဆိုပါပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသခံရေလုပ်သားများ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြ
ကြောင်း၊ အဆိုပါ ဖောင်တော်ကို ဆွဲယူပူဇော်ပသခြင်းဖြင့် မိုးလေဝသကောင်းမွန်ခြင်း၊ ရေ
လုပ်သားများ၏ လုပ်ငန်းဆောင်တာများ ကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည်ဟု
ဒေသခံများက ယုံကြည်ကြောင်း သိရသည်။

အဆိုပါ ရှင်ဥပဂုတ္တဖောင်တော်ကို ပြီးခဲ့သည့် ဝါဆိုလဆန်း ၈ ရက်က စတင်ပူဇော်ကာ ညောင်ဦး
မြို့မှ ဧရာဝတီ မြစ်အတွင်း မျှောလိုက်ခြင်းဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက် မြို့ရွာအဆင့်ဆင့်
ဖြတ်သန်းလာရာ ပြည်မြို့၊ ဖိုးခေါင်ရပ်၊ ရပ်ကွက်သားများက မကွေးတိုင်းဒေသကြီး စစ်စရံကျေးရွာ
မှ သွားရောက်ပင့်ဆောင်ခဲ့ခြင်း ဖြစ်သည်။