မြန်မာနိုင်ငံအတွင်းရှိ ပရိဘောဂပစ္စည်းများအား တစ်နေရာတည်းတွင် လာရောက်လေ့လာနိုင်မည့်
မြန်မာအင်တာနေရှင်နယ်ပရိဘောဂပြပွဲ (၂ဝ၁၇) အား ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ဖေဖော်
ဝါရီ ၁၆ ရက်မှ ၁၉ ရက်ထိ ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဖေဖော်ဝါရီလ ၉ ရက်က ဖော်ပြထားသည်။
မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးကူညီမှု၊ မြန်မာနိုင်ငံ ကြိမ်နှင့်
ဝါးလုပ်ငန်းရှင်များအသင်းနှင့် သစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းတင်ဆက်
မှုဖြင့် ကျင်းပသော အဆိုပါပြပွဲ၌ ဗေဒါ အချောထည် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ရေးကျွမ်းကျင်မှု
အခြေခံသင်တန်းမှ သင်တန်းသားသင်တန်းသူများ ပြုလုပ်ထားသည့် ဗေဒါပရိဘောဂနှင့် လက်မှုထည်
များအား အထူးအစီအစဉ်အနေဖြင့် ခင်းကျင်းပြသသွားမည် ဖြစ်ပြီး တပ်မတော်ခန်းမအပြင်ဘက်
မြက်ခင်းပြင်၌လည်း ပြခန်းများ တိုးချဲ့ခင်းကျင်း ပြသရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော ထွက်ကုန်ပရိဘောဂပစ္စည်းများကို တစ်နေရာ
တည်းတွင် အလွယ်တကူ လာရောက်လေ့လာကြည့်ရှုနိုင်မည် ဖြစ်ပြီး ပရိဘောဂပစ္စည်းများကိုလည်း
စျေးနှုန်းချိုသာအောင် ရောင်းချကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ
ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားခဲ့သည်။
ယခုကျင်းပမည့် မြန်မာအင်တာနေရှင်နယ်ပရိဘောဂပြပွဲ (၂ဝ၁၇) ၌ ကုမ္ပဏီပေါင်း ၅ဝ ကျော်မှ ပြခန်း
ပေါင်း ၁၈ဝ ကျော်အား ထည့်သွင်းပြသွားမည်ဖြစ်ပြီး အထူးလျှော့စျေး အစီအစဉ်များ၊ ချက်ချင်းဝယ်၊
ချက်ချင်းပေါက်၊ ချက်ချင်းယူ ဗလာမပါကံစမ်းမဲအစီအစဉ်များနှင့် Original Product Award ဆုပေးပွဲ
အစီအစဉ်များ ထူးခြားစွာ ပါဝင်ကာ ပြပွဲလာ ပရိသတ်အင်အား ၈ဝဝဝ ကျော်ထိ မျှော်မှန်းထားကြောင်း
ပြပွဲကျင်းပရေး ကော်မတီမှ သိရသည်။









