ဂျပန်နိုင်ငံက အကုန်အကျခံကာ အဆင့်မြှင့်တင် မွမ်းမံတည်ဆောက်ပေးသည့် ခုတင် (၅ဝဝ)ဆံ့
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဖေဖော်ဝါရီလ ၈ ရက်
နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဖေဖော်ဝါရီ လ ၉ ရက်က ဖော်ပြထားသည်။
ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့စီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့သော
အဆိုပါ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်မွမ်းမံတည်ဆောက်ပေးသည့် စီမံကိန်းကို
ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးနိုင်ရန် ဝန်ကြီးဌာနသို့ တရား
ဝင် လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဆေးရုံပင်မအဆောက်အအုံအသစ် (အရှေ့ဘက်) နှင့် ပင်မအဆောက်အအုံ (အနောက်ဘက်)
တွဲလျက် အဆောင်တို့ကို သံကူကွန်ကရစ် နှစ်ထပ် အဆောက်အအုံများအဖြစ် ဆောက်လုပ်ခဲ့ခြင်း
ဖြစ်ပြီး အသုံးအဆောင်ပစ္စည်းများအဖြစ် လျှပ်စစ်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်
အား ဖြန့်ဖြူးသည့် ပစ္စည်းကိရိယာများ၊ မီးစက်များ၊ မိုးကြိုးလွှဲစနစ်၊ မီးသတိပေးစနစ်၊ ICT ဆိုင်ရာ
ပစ္စည်း များ၊ လေအေးပေးစက်များ၊ ရေပိုက်လိုင်းစနစ်၊ ဆေးဘက်ဆိုင်ရာ ဓာတ်ငွေ့စနစ်၊ ခုတင်၊
ပစ္စည်းသိမ်း ဗီရို၊ စားပွဲခုံ၊ လျှပ်စစ်မီး စသည်တို့အပြင် ဆေးရုံအတွက် လိုအပ်သော အဓိက ပစ္စည်း
ကိရိယာများ ဖြစ်သည့် လူနာတင်ယာဉ်များ၊ မေ့ဆေးပေးစက်များ၊ သွေးစစ်ကိရိယာများ၊ အဆင့်မြင့်
ခွဲစိတ်ကိရိယာ ပစ္စည်းအစုံများ၊ မွေးကင်းစကလေး အနွေးပေးစက်၊ ခွဲစိတ်ခန်းသုံး အဏုကြည့် မှန်
ပြောင်း၊ အောက်ဆီ ဂျင်အားဖြည့်ကိရိယာ၊ လူနာစောင့်ကြည့် ပြသပေးသည့် စက်ကိရိယာ၊ အီးစီဂျီ၊
အသက်ရှူစက်နှင့် အဆင့်မြင့် ဓာတ်မှန်ရိုက်စက် စသည်တို့ကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ခုတင် (၅ဝဝ) ဆံ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်မွမ်းမံတည်ဆောက်မှုအတွက် ဂျပန်
နိုင်ငံမှ ဂျပန်ယန်းငွေ ၁၉၄၅ သန်း အကုန်အကျခံ ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကာလ
အနေဖြင့် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းအထိ လျာထားသတ်မှတ်ကာ Toda Corporation
က တာဝန်ယူတည်ဆောက်ခဲ့ပြီး Mitsubishi Corporation က လိုအပ်သော ပစ္စည်းများကို ကူညီ
ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။










