ဖန်ပြွန်သန္ဓေသားနည်းဖြင့် ရင်သွေးယူနိုင်မည့် IVF စင်တာဖွင့်လှစ်မည်

ဖန်ပြွန်သန္ဓေသားနည်းဖြင့် ရင်သွေးယူနိုင်မည့် IVF စင်တာဖွင့်လှစ်မည်

အကြောင်းအမျိုးမျိုးကြောင့် ရင်သွေးမရနိုင်သူများ ဖန်ပြွန်သန္ဓေသားနည်းဖြင့် ရင်သွေးယူနိုင်ရန်
ရန်ကုန်မြို့၌ ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုက လာရောက်ဖွင့်လှစ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း
မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၉ ရက်က ဖော်ပြထားသည်။

သဘာဝနည်းဖြင့် ကလေးမရနိုင်သော မိခင်များအတွက် IVF (In-Vitro Fertilization) နည်းပညာ
ဖြင့် ကလေး ရအောင် ကုသပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် IVF နည်းဖြင့် ကုသနိုင်ပါက
အချိန်၊ လူနှင့် ငွေကြေးကုန်ကျမှုများပါ လျော့နည်းသက်သာပြီး အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊
နိုင်ငံခြားတွင် အချိန်ကြာမြင့်စွာ သွားရောက်နေထိုင်စရာ မလိုဘဲ မြန်မာနိုင်ငံ၌ပင် ကုသနိုင်မည့်
IVF နည်းပညာကို မိတ်ဆက်ပေးပြီး မြန်မာနိုင်ငံမှ ဆရာဝန်များကိုလည်း ထိုင်းနိုင်ငံတွင် လေ့ကျင့်
ပေးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Phloenchit Medical Center Co.,Ltd. ၏ Life
Science Center တာဝန်ရှိပုဂ္ဂိုလ် Mr. Chad Teo က ပြောကြားခဲ့သည်။

IVF Center ဖွင့်ရန် အတွက် နိုင်ငံတော်၏ ခွင့်ပြုချက် ရယူပြီး ဖြစ်ကာ နိုင်ငံခြား Training ပြီးပါက
စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် Treatment ပေးရန်အတွက်မူ Medical Council ၏
ခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင်ပေးနိုင်ကြောင်း၊ လူနာများ ဆက်သွယ်လိုပါက ရုံးဖွင့်လှစ်ချိန်တွင် ဖုန်း
နံပါတ်များကို မီဒီယာ၌ ကြော်ငြာပေးမည် ဖြစ်ကြောင်း Mr. Chad Teo က ဆက်လက်ပြောကြားခဲ့
သည်။

လက်ရှိတွင် ဖန်ပြွန်သန္ဓေသားနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆောင်ရွက်လိုသူများနှင့်
ဆွေးနွေး တိုင်ပင်လိုသူများကို ရှင်းလင်းဆွေးနွေးပေးမည် ဖြစ်ပြီး IVF မလုပ်မီ ဆောင်ရွက်သင့်
သည်များကိုလည်း ကြိုတင်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လူနာများအနေဖြင့် နိုင်ငံခြားသွားလိုပါက ပို့ဆောင်ပေးမည် ဖြစ်ပြီး ၄င်းတို့၏ Science Center
တွင် သန္ဓေသားထည့်ကာ မိခင်ကိုယ်တွင်း၌ သားလောင်း ကျန်းကျန်းမာမာရှိချိန်တွင် မိခင်အား
ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ မိခင်အနေဖြင့် ရန်ကုန်၌ ကျန်းကျန်းမာမာ မွေးဖွားနိုင်
ရန်လည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။