မြောက်ဦး ယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် မတူးဖော်ရသေးသော နေရာများ ဆက်လက် တူးဖော်

မြောက်ဦး ယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် မတူးဖော်ရသေးသော နေရာများ ဆက်လက် တူးဖော်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ တည်ရှိသော ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေအနှစ်
စာရင်းဝင် ဖြစ်စေရန် မြောက်ဦးစေတီပုထိုးများအား တူးဖော်မည့်အပြင် မတူးဖော်ရသေးသည့်
နေရာများကို ဆက်လက်တူးဖော်လျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦး
၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ဖော်ပြ
ထားသည်။

အဆိုပါ မြောက်ဦးယဉ်ကျေးမှုဇုန်အတွင်းရှိ မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုး
များကိုလည်း ပြန်လည်ပြင်ဆင်နေပြီး ကျောက်တော်မြို့ရှိ မဟာမြတ်မုနိဘုရားအလွန် ဓညဝတီမြို့
ဟောင်းကိုလည်း တူးဖော်လျက် ရှိကြောင်း၊ မြောက်ဦးယဉ်ကျေးမှုဇုန်အတွင်း ဆောက်လုပ်နေထိုင်
လျက် ရှိသော ခေတ်မီ အဆောက်အအုံများ၊ နေအိမ်များကို ဖယ်ရှားနိုင်ရန် မြို့သစ်စီမံကိန်းတစ်ခု
ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ မြို့သစ်စီမံကိန်းကို ကနဦးအနေဖြင့် မြေဧက ၅ဝဝ တွင် စတင်
ဆောင်ရွက်နေပြီး မြေဧက ၂၇ဝဝ ခန့်တွင် ဆောင်ရွက်ပေးသွားရန် ရှိကြောင်း သိရသည်။

မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုဇုန်သည် သမိုင်းဝင်နေရာ ဖြစ်၍ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှုနှုန်း
မြင့်တက်လျက် ရှိသည်။ မြောက်ဦးမြို့မှ ရှေးဟောင်းအမွေအနှစ်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှု
နယ်မြေရှိ အမွေအနှစ်များထက် ပို၍ရှေးကျနိုင်ပြီး ကျောက်သားများနှင့် ထုဆစ်ထားသည့် လက်ရာများ
ကိုပါ တွေ့ရှိရသဖြင့် မြောက်ဦးမြို့၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားရမည်ဖြစ်ပြီး ခရီး
သွားလုပ်ငန်းများ တိုးတက်လာပါက ဒေသခံများအတွက် များစွာ အထောက်အကူ ပြုမည် ဖြစ်သည်။