ရခိုင်နောက်ဆုံးဘုရင် ဖမ်းဆီးခံရသည့် နေရာတွင် ၀မ်းနည်းခြင်း အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူ

ရခိုင်နောက်ဆုံးဘုရင် ဖမ်းဆီးခံရသည့် နေရာတွင် ၀မ်းနည်းခြင်း အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျွန်းသာယာအရပ်ရှိ ရခိုင်နောက်ဆုံးဘုရင်နှင့် မိဖုရား၊ သားတော်၊
သမီးတော်များ ဖမ်းဆီးခြင်းခံရသည့် နေရာတွင် ပြည်သူအများ လာရောက်ဂါရဝပြုနိုင်ရန်နှင့် မျိုးဆက်
များအား ဖမ်းဆီးခြင်းခံရသည့် နေရာအား သိရှိနိုင်ရန် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျောက်တိုင်
စိုက်ထူလျက် ရှိကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၉ ရက်က ဖော်ပြထားသည်။

အဆိုပါ ကျောက်တိုင်မှာ အမြင့်(၁၂) ပေ၊ အောက်ခြေပတ်လည် (၆)ပေရှိရာ ဖေဖော်ဝါရီ လဆန်း
ပိုင်း မှ စတင်ပြီး မြောက်ဦးမြို့ရှိ မြတ်ဗုဒ္ဓမဏ္ဍိုင် ကျောင်းတိုက် ဆရာတော် ဦးဆောင်ပြီး စိုက်ထူ
နေခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် တည်ဆောက်မှုလုပ်ငန်း (၅၀)ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်
ကြောင်း ကျောက်တိုင်ဖြစ်မြောက်ရေးကော်မတီ၏ ပြောကြားချက်အရ သိရသည်။

ရခိုင်တို့၏ အထွဋ်အထိပ်ဖြစ်သော ရခိုင့်နောက်ဆုံးဘုရင်သည် ကျူးကျော်စစ်ကို ခုခံရင်း ဖမ်းဆီးခံခဲ့ပြီး
အဆိုပါနေရာတွင် အချုပ်အခြာအာဏာစွန့်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ဘုရင်နှင့် အဆိုပါနေရာကို နောင်လာ
နောင်သားများ မမေ့ပျောက်စေရန်နှင့် ဇာတိသွေးဇာတိမာန်များ တက်ကြွလာစေရန် ၀မ်းနည်းခြင်း အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူရခြင်း ဖြစ်ကြောင်း ကျောက်တိုင်အား ဦးစီးဦးဆောင်ပြုလုပ်ပြီး စိုက်ထူနေသည့် မြောက်ဦးမြို့ မြတ်ဗုဒ္ဓမဏ္ဍိုင်ကျောင်းတိုက် ဆရာတော် ဦတေဇန္တက မိန့်ကြားခဲ့သည်။

ရခိုင်များသည် ကိုယ့်မင်းကိုယ့်ချင်းဘုရင့်စနစ်နှင့် နှစ်ပေါင်း (၅၀၀၀) ကျော် နေထိုင်လာခဲ့သည့် လူမျိုး
တစ်မျိူးဖြစ်ပြီး ရခိုင် (မြန်မာ) သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ဗမာပဒေသရာဇ် အမရပူရပြည့်ရှင် ဘိုးတော်
မောင်ဝိုင်း၏ ကျုးကျော်စစ်ကြောင့် ရခိုင်ပြည်ကျရှုံးပြီးနောက် ရခိုင့်နောက်ဆုံးဘုရင် မဟာ သမ္မတရာဇာ
မင်း၊ မိဘုရား မြသန္တာနှင့် သားတော်၊ သမီးတော်များအား မြေပုံမြို့နယ်၊ ကျွန်းသာယာ ကျွန်းတွင် ပြာသို
လကွယ်နေ့၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ရခိုင့်သမိုင်းမှတ်တမ်းများ၏ ပြဆိုထားချက်များအရ သိရသည်။