ဒဂုံဆိပ်ကမ်းစက်မှုဇုန်(၁) ရှိ ဂိုဒေါင်တစ်ခုမှ တရားမဝင်သစ်တန် ၆၀ ထပ်မံဖမ်းဆီးရမိ

ဒဂုံဆိပ်ကမ်းစက်မှုဇုန်(၁) ရှိ ဂိုဒေါင်တစ်ခုမှ တရားမဝင်သစ်တန် ၆၀ ထပ်မံဖမ်းဆီးရမိ

ဒဂုံဆိပ်ကမ်းစက်မှုဇုန်(၁) ရှိ ဂိုဒေါင်တစ်ခုမှ တရားမဝင်သစ် တန် ၆၀ ကို ဖေဖော်ဝါရီလ ၁၂
ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ပြောကြားချက်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၃ ရက်က ဖော်ပြ
ထားသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစီး၍ သစ်တော
ဝန်ထမ်းများ ပါဝင်သည့် အဖွဲ့သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်း
စက်မှုဇုန်(၁)၊ ဦး ထွန်းညိုလမ်း၊ ခြံအမှတ်(၁၄၅)(ဘီ) ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ တရားမဝင်
ပိတောက်စကွဲယားတုံး ၅၅ တန်ခန့်နှင့် တမလန်းစကွဲယားတုံး ငါးတန်ခန့် စုစုပေါင်း တန် ၆၀
ခန့်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ၂၄ ရက်က MIP ဆိပ်ကမ်းဝင်းအတွင်းရှိ ကွန်တိန်နာနှစ်လုံးအတွင်း တရားမဝင်
ကျွန်းသစ်များ ဖမ်းဆီးရမိမှုမှ အစပြုပြီး သတင်းကွင်းဆက်များအရ ဖော်ထုတ်ဖမ်းဆီးခဲ့ရာ
တရားမဝင် သစ် စုစုပေါင်း တန် ၁၂၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဖမ်းဆီးရ
မိခဲ့ခြင်းဖြစ်ပြီး အများစုမှာ ပိတောက်သားများဖြစ်ကြောင်း၊ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များတွင်
သစ်ပိုင်ရှင်ဟု ယူဆရသူများကို ထိရောက်သည့် ဥပဒေများဖြင့် တရားစွဲဆို ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း သိရသည်။