ကျောက်စိမ်းအတုများ မန္တလေးစျေးကွက်အတွင်း ၀င်ရောက်

ကျောက်စိမ်းအတုများ မန္တလေးစျေးကွက်အတွင်း ၀င်ရောက်

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းအတွင်း နည်းပညာအသစ်ဖြင့် ပြုလုပ်ထားသည့်
ကျောက်စိမ်းအတုများ ဝင်ရောက်နေခြင်းကြောင့် ကျောက်စိမ်းဝယ်ရောင်းသမားများ လုပ်ငန်း
လုပ်ကိုင်ရာတွင် ထိခိုက်မှုများ ရှိလာကြောင်း ကျောက်စိမ်းဝယ်ရောင်းသမားများ၏ ပြောကြား
ချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်က ဖော်ပြထားသည်။

ကျောက်စိမ်းတုံးတစ်ခုကို ခါးမှ ပိုင်းဖြတ်လိုက်ပါက တစ်ပိုင်းကို အဖို၊ တစ်ပိုင်းကို အမဟု ကျောက်
သမားများက သတ်မှတ်ခေါ်ဆိုကြပြီး ယခင်က အရည်အသွေးနိမ့် ကျောက်စိမ်းဖြတ်သားပေါ်တွင်
အရည်အသွေး ကောင်းမွန် သည့် ဖြတ်သားတစ်ထပ်ကပ်၍ လိမ်လည်ရောင်းချရာ၌ အဖို၊ အမ စုံ
အောင် အတု မပြုလုပ်နိုင်ကြောင်း၊ ယခုအခါတွင်မူ မြင့်မားသည့် နည်းပညာဖြင့် အဖို၊ အမ စုံအောင်
ပြုလုပ်၍ ကျောက်စိမ်းအတုများ ရောင်းချနေကြောင်း ကျောက်စိမ်းအရောင်းအဝယ်ပြုလုပ်သူ ဦးမြစိုး
၏ပြောကြားချက်အရ သိရသည်။

ကျောက်စိမ်းအတုများကို ပြည်တွင်းပွဲစားအချင်းချင်းထက် နိုင်ငံခြားသားများကို လိမ်လည်ရောင်းချ
သည်ကို အတွေ့ရများကြောင်း၊ နိုင်ငံခြားသားဝယ်လက်အပေါ် အတုအပပြုလုပ်ရောင်းချသူများ၏
လုပ်ရပ်ကြောင့် တရုတ်ဝယ်လက်နည်းလာသည့်အပြင် စျေးကွက်သစ်မျှော်နေသော အမေရိကန်နှင့်
EU ဝယ်လက်များ၏ ယုံကြည်မှုပါ ကျဆင်းလာမည်ကို စိုးရိမ်ရကြောင်း၊ အဖို၊ အမ နှစ်ခုစလုံးကို
ပြုလုပ်ထားသည့် ကပ်သားလိမ်လည်နည်းအသစ်သည် သေသပ်လွန်းသောကြောင့် ဝါရင့်ကျောက်
စိမ်းလုပ်ငန်းလုပ်ကိုင်နေသူ အချို့ပင် မျက်စိကြည့် အကဲဖြတ်မှားနိုင်ကြောင်း ဦးမြစိုးက ဆက်လက်
ပြောကြားခဲ့သည်။