နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြင်သစ်နိုင်ငံ၊ အဲဘတ်စ်
ကုမ္ပဏီလက်အောက်ရှိ ATR လေယာဉ်ကုမ္ပဏီမှ မှာယူခဲ့သော ခြောက်စင်းမြောက် ATR (72-600)
XY-AMK လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်
ရောက်ရှိလာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၄ ရက်
နေ့က ဖော်ပြထားသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းရှိ သက်တမ်းကြာနေသော လေယာဉ်များနေရာတွင် အစားထိုး
နိုင်ရန် ပြင်သစ်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံတို့အကြား သဘောတူထောက်ခံချက်များ ရယူပြီး ကနေဒါ
ဘဏ်မှ ချေးငွေရယူကာ လွန်ခဲ့သော သုံးနှစ်ခန့်က လေယာဉ်သစ်ခြောက်စင်းကို ဝယ်ငှားစနစ်ဖြင့်
မှာယူခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ရောက်ရှိလာသော လေယာဉ်မှာ နောက်ဆုံးအစင်းဖြစ်ကြောင်း မြန်မာ
အမျိုးသားလေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် ကပ္ပတိန်ဦးသန်းထွန်းက လေယာဉ် ရောက်ရှိ
ကြိုဆိုပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ပြည်တွင်းမြို့၂၈ မြို့နှင့် ပြည်ပတွင် စင်ကာပူ၊ ဗန်ကောက်၊
ဟောင်ကောင်၊ ဗုဒ္ဓဂယာ၊ ချင်းမိုင်မြို့များသို့ ပြေးဆွဲလျက် ရှိပြီး မကြာမီတွင် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့နှင့်
လာမည့်နှစ်တွင် တရုတ်နိုင်ငံသို့ တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးနှင့် အွန်လိုင်း
လက်မှတ်စနစ်ကို ဆောင်ရွက်ထား၍ ခရီးသွားပြည်သူများ လေယာဉ်လက်မှတ်များကို အွန်လိုင်းစနစ်
ဖြင့် ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ကပ္ပတိန်ဦးသန်းထွန်း၏ ပြောကြားချက်အရ သိရသည်။










