မွန်ဂိုလီးယားနှင့် တူရကီနိုင်ငံများက မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း လေယာဉ်များ ပျံသန်းခွင့်
ရရေးအတွက် စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းလာသဖြင့် ညှိနှိုင်းဆွေးနွေးနေကြောင်း ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်း တစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်က ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အနောက်ဥရောပနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံနှင့်
ဝေဟင်ပိုင်နက်အတွင်း လေယာဉ်များ ဖြတ်ကျော်ပျံသန်းနိုင်ရေး သဘောတူစာချုပ်များ ချုပ်ဆိုထား
ပြီး မြန်မာ့ဝေဟင်ပိုင်နက်အတွင်း ပျံသန်းသည့် လေယာဉ်များကို အနည်းဆုံး ကီလိုမီတာ နှစ်သောင်း
ငါးထောင်လျှင် အမေရိကန် ဒေါ်လာ ၃၂ ဒေါ်လာ၊ အများဆုံး ကီလိုမီတာ သုံးသိန်းလျှင် ၆ဝ၉ ဒေါ်လာ
ကောက်ခံကြောင်း သိရသည်။
ရန်ကုန်မြို့ပေါ်မှ ဖြတ်သန်းသော လေကြောင်းလိုင်းများသည် ကီလိုမီတာ တစ်သိန်းမှ နှစ်သိန်းကြား
ရှိပြီး လက်ရှိတွင် တစ်ရက်လျှင် လေယာဉ်အခေါက်ရေ ၆ဝဝ ခန့်ကို လေယာဉ်ဖြတ်သန်းခများ ကောက်
ခံရရှိမှုမှ အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် ရရှိထားသည်ဟု ဆိုသည်။










