ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေးပစ္စည်းတန်ဖိုးနှင့် လုပ်သားစရိတ် ကြီးမြင့်မှုများ တွေ့ကြံုနေရ

ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေးပစ္စည်းတန်ဖိုးနှင့် လုပ်သားစရိတ် ကြီးမြင့်မှုများ တွေ့ကြံုနေရ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်လာပြီ
ဖြစ်သော်လည်း ဆောက်လုပ်ရေးပစ္စည်းတန်ဖိုးနှင့် လုပ်သားစရိတ်ကြီးမြင့်မှုများ တွေ့ကြံုနေ
ရကြောင်း ပြည်သာယာ ဆောက်လုပ်ရေး၏ လိုင်စင်ရကန်ထရိုက်တာ ဦးမင်းဇော်ဦး၏ ပြောကြား
ချက်ကို ကိုးကားကာ မြဝတီသတင်း တစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်က ဖော်ပြထားသည်။

ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်စခဲ့သော်လည်း အရောင်းအဝယ်မှာ ပုံမှန်သာ ရှိကြောင်း၊
အိမ်ဆောက် ပစ္စည်းစျေးမှာ ပုံမှန်သာ ရှိသော်လည်း အထွေထွေကုန်စျေးနှုန်း မြင့်တက်လာမှု
ကြောင့် နေ့စားခများ မြင့်တက်လာကြောင်း၊ အဆောက်အအုံဆောက်လုပ်ရာတွင် ပစ္စည်းဖိုးနှင့်
လက်ခမှာ တူညီလုနီးပါး ဖြစ်နေသည့် အတွက် လုံးချင်းဆောက်သူများနှင့် အိမ်အကြီးစားပြင်ဆင်
သူများ အခက်အခဲတွေ့နေကြကြောင်း ဦးမင်းဇော်ဦး ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ဒဂုံ (မြောက်ပိုင်း) မြို့နယ်အပါအဝင် မြို့သစ်များနှင့် မြို့တွင်း မဟုတ်သော ပြင်ပမြို့နယ်
များ၌ လုံးချင်းအိမ်များနှင့် တိုက်ခန်းများ အကြီးစားပြင်ဆင်ခြင်း၊ အသစ် တည်ဆောက်ခြင်းများ
စတင်နေကြသော်လည်း အိမ်ရှင်၊ ကန်ထရိုက်နှင့် အင်ဂျင်နီယာများကြား ဆောက်လုပ်ရေးပစ္စည်း
စရိတ်နှင့် အလုပ်သမားစရိတ် ထပ်တူကျနေမှုကြောင့် အလုပ် မတွင်ကျယ်ကြောင်း လိုင်စင်ရ
ကန်ထရိုက်တာ ဦးမောင်ထွေးက ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့ဆောက်လုပ်ရေးလုပ်ငန်း၌ တစ်ရက်လုပ်အားခအဖြစ် အထွေထွေလုပ်သား
တစ်ဦးအတွက် ငွေကျပ် ၅ဝဝဝ၊ သံလက်ကိုင် (ပန်းရန်အကူ) တစ်ဦးအတွက် ငွေကျပ် ရဝဝဝ၊
ပန်းရန်ဆရာတစ်ဦးအတွက် ငွေကျပ်တစ်သောင်းနှုန်းနှင့် ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦး
အတွက် ငွေကျပ် သုံးသောင်း ဝန်းကျင် ပေးချေရကြောင်း၊ ဆောက်လုပ်ရေးပစ္စည်းများ ခေတ်မီလာမှု၊
သစ်အစား သံနှင့် ဂျီအိုင်သတ္တုများ သုံးစွဲလာမှုကြောင့် လုပ်ငန်းခွင်တွင် ခန့်မှန်းတွက်ချက်ထားသည့်
အတိုင်း ကုန်ကျမှုများ ရှိလာခြင်းမှာ အားသာမှု ဖြစ်ပြီး အုတ်မြစ်ချကာ သံတိုင်များဖြင့် တည်ဆောက်
ခြင်းကြောင့် အချိန်လျင်မြန်လာကြောင်း သိရသည်။