ကလေးငယ်များ စာဖတ်စွမ်းအားမြင့်တက်လာစေရန်နှင့် ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍
ရန်ကုန် စာအုပ်ပလာဇာ၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ကလေးစာပေစာဖတ်ပွဲကို ကျင်းပသွား
မည် ဖြစ်ကြောင်း ရန်ကုန်စာအုပ်ပလာဇာ တည်ထောင်သူအဖွဲ့အဖွဲ့ဝင် ဦးမြေမှုန်လွင်၏ ပြောကြား
ချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်က ဖော်ပြထားသည်။
ကလေးများ ဗဟုသုတနှင့် အတွေ့အကြံုကောင်းများ ရရှိစေရန် ကလေးစာပေစာဖတ်ပွဲကို ကျင်းပပေး
ခြင်း ဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း ကလေးငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခု
အစီအစဉ်တွင် ပါဝင်ရန်နှင့် ပုံမှန် လာရောက်နားထောင်ပေးရန် တိုက်တွန်းလိုကြောင်း ဦးမြေမှုန်လွင်
က ပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ်ကို တနင်္ဂနွေနေ့တစ်ရက်လုံး အချိန်ပြည့် ပြုလုပ်သွားမည် ဖြစ်ပြီး မည်သည့် ကလေး
ငယ်မဆို တက်ရောက်နိုင်ကြောင်း၊ အနုပညာရှင်များကိုလည်း ပါဝင် ပ့ံပိုးလုပ်ဆောင်စေမည် ဖြစ်ကြောင်း၊
စာပေစာဖတ်ပွဲတွင် ကလေးငယ်များက စာဖတ်ခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ရမည် ဖြစ်ပြီး
ကလေးငယ်များ စိတ်ဝင်စားစေမည့် အခြားဖျော်ဖြေရေးကဏ္ဍများကိုလည်း ထည့်သွင်း ကျင်းပသွားမည်
ဖြစ်ကြောင်း သိရသည်။
စာအုပ်ပလာဇာကို လမ်းမတော်မြို့နယ်၊ သံစျေးအဆောက်အအုံ၊ ငါးလွှာ၌ ဖေဖော်ဝါရီ ၂၆ ရက်တွင်
ဖွင့်လှစ် သွားမည် ဖြစ်ပြီး စာအုပ် အရောင်းဆိုင်ပေါင်း ၃ဝ ဝန်းကျင်ပါဝင်မည် ဖြစ်ကာ စာအုပ်အဟောင်း
များ ရောင်းချမည့် စျေးတန်းတစ်ခုလည်း ပါဝင်မည်ဟု ဆိုသည်။









