ရန်ကုန်ဆိပ်ကမ်း၌ ရက်ပေါင်း ၆ဝ ကျော်သော်လည်း လာရောက် မထုတ်ယူသော ပြည်ပမှ
တင်သွင်းထားသည့် မော်တော်ယာဉ် အစီးရေ နှစ်ထောင်ကျော်ကို လေလံတင်သွားမည် ဖြစ်
ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း
တစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၄ရက်က ဖော်ပြထားသည်။
ထိုသို့ ထုတ်ယူခြင်းမရှိသည့် မော်တော်ယာဉ်အများစုမှာ Model Year ကွဲလွဲပြီး တင်သွင်းလာ
ခြင်း၊ လာရောက် ထုတ်ယူမည့်သူ မရှိခြင်း၊ အရောင်းစင်တာများ ပိတ်သိမ်းလိုက်၍ တာဝန်ခံ
ထုတ်ယူမည့်သူ မရှိခြင်းများ ဖြစ်သည့်အတွက် ဆိပ်ကမ်းတွင် ကျန်ရှိနေခြင်း ဖြစ်ကြောင်း၊
အဆိုပါ မော်တော်ယာဉ်များထဲတွင် ယာဉ်အို ယာဉ်ဟောင်း လဲလှယ်ပြီး စလစ်ဖြင့် တင်သွင်း
ရသည့် မော်ဒယ်မြင့်မော်တော်ယာဉ်များ ပါဝင်ပြီး ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်တွင် တင်သွင်း
သည့် ယာဉ်များဖြစ်ကာ သီလဝါဆိပ်ကမ်းတွင် နေရာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ယခု
ကဲ့သို့ လေလံတင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
လေလံပစ်၍ ရရှိသည့် ဘဏ္ဍာငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် အသုံးပြုမည် ဖြစ်ပြီး လာရောက်
ထုတ်ယူခြင်း မရှိသည့် ယာဉ်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က နှစ်စဉ် လေလံပစ်ခြင်း၊ နိုင်ငံ
ပိုင်သိမ်းခြင်းတို့ လုပ်ဆောင်ရာမှ ရရှိထားသော ငွေပမာဏကို အများပြည်သူ သိရှိနိုင်စေရန် ထုတ်
ပြန်ပေးသွားမည်ဟု ဆိုသည်။










