ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန် ယဉ်ကျေးမှု
အမွေအနှစ် ဒေသ ဇုန်နယ်နိမိတ်အသစ် ပြင်ဆင်သတ်မှတ်ခြင်းကို လာမည့် သုံးလအတွင်း အပြီး
ဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)
ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
ဖေဖော်ဝါရီလ ၁၃ ရက်က ဖော်ပြထားသည်။
လက်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ထားသော်လည်း
ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် နယ်နိမိတ် သတ်မှတ်ချက်ကို တိတိကျကျဖော်ပြပေးရန်
လိုအပ်သဖြင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသဇုန်နယ်နိမိတ်အသစ် ပြင်ဆင်သတ်မှတ်ခြင်းကို လာမည့်
သုံးလအတွင်း အပြီး ဆောင်ရွက်သွားရန် လျာထားကြောင်း၊ နယ်နိမိတ်အသစ် ပြင်ဆင်သတ်မှတ်ရာ
တွင် ပုဂံနှင့် တန့်ကြည့်တောင် ကြားရှိ ဧရာဝတီမြစ်နေရာ၊ ယုန်လွတ် ကျွန်းကို ထည့်သွင်းသတ်မှတ်
မည် ဖြစ်ပြီး ယခင်သတ်မှတ်ထားသည့် နယ်နိမိတ်တွင် မပါဝင်သော်လည်း ကာကွယ်ထိန်းသိမ်းရန်
လိုအပ်သော နေရာများကို ထည့်သွင်းသတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယဉ်ကျေးမှုအမွေအနှစ်ဒေသများ၊ ကာကွယ်ထိန်းသိမ်းရေးနည်း
ဥပဒေ များနှင့် နယ်နိမိတ်သတ်မှတ်ခြင်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း
သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်လျက် ရှိသည်။ နည်းဥပဒေရေးဆွဲခြင်းနှင့်
နယ်နိမိတ်သတ်မှတ်ရာတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်
ရေးနှင့် အများပြည်သူ သိရှိနိုင်ရန် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ
(မူကြမ်း) နှင့် ဇုန်နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ညောင်ဦး
မြို့နှင့် ပုဂံမြို့သစ်တို့၌ ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပသွားမည်ဟု ဆိုသည်။










