ရန်ကုန်အများပိုင်ယာဉ်လိုင်းများ၌ မသန်စွမ်းသူများ သွားလာရလွယ်ကူစေရန် စီးနင်းလိုက်ပါနိုင်မည့်
သီးသန့်ဘတ်စ်ကားများကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ ၂၁ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်
ကိုတရုတ်လေး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၃
ရက်က ဖော်ပြထားသည်။
ဝှီးလ်ချဲအသုံးပြု၍ ရသော သီးသန့်ဘတ်စ်ကားများကို မသန်စွမ်းသူများအတွက် YBS ၂၁ ယာဉ်လိုင်းမှ
စီစဉ် ပေးသွားမည် ဖြစ်ပြီး အဆိုပါဘတ်စ်ကားများကို သီးသန့်မှာယူရမည် ဖြစ်ကြောင်း၊ မသန်စွမ်းသူ
များအတွက် ဖြစ်သောကြောင့် စီးပွားရေးသက်သက် လုပ်ဆောင်၍ မရကြောင်း၊ ကိုယ်ချင်းစာစိတ်ဖြင့်
စေတနာထားပြီး ကူညီခြင်း ဖြစ်ကြောင်း၊ မိမိအနေဖြင့် ကားတစ်စီး၊ နှစ်စီးကို စတင်ဝယ်ယူပြီး ယာဉ်
လိုင်းတွင် ထည့်ကာ ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် စတင်ပြေးဆွဲနိုင်ရန် ကြိုးစားသွားမည် ဖြစ်
ကြောင်း၊ နောက်ပိုင်းတွင် စေတနာရှင် များနှင့် မိတ်ဆွေများကို ဖိတ်ခေါ်ပြီး အဆိုပါဘတ်စ်ကားများကို
တိုးချဲ့သွားမည် ဖြစ်ကြောင်း ကိုတရုတ်လေးက ပြောကြားခဲ့သည်။
၂ဝ၁၄ ခုနှစ်တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့်
လူဦးရေ ရ သန်းခန့်တွင် မသန်စွမ်းသူဦးရေမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိနေပြီး ပြောင်းလဲပြေးဆွဲ
လိုက်သည့် YBS ယာဉ်လိုင်းစနစ်ကြောင့် မသန်စွမ်းသူများအနေဖြင့် ဘတ်စ်ကားစီးရာတွင် အခက်အခဲ
များ ရှိနေကြောင်း သိရသည်။









