ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကျင်းပမည့် LETHWEI LEGACY - 2 IN JAPAN
ပြိုင်ပွဲကြီးတွင် မြန်မာ့ရိုးရာ လက်ဝှေ့တွဲဆိုင်း ခြောက်ဆိုင်း ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သွားမည်
ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သော မြန်မာမီဒီယာဂရု(ပ်)၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၅ ရက်က ဖော်ပြထားသည်။
ထိုပြိုင်ပွဲကြီးတွင် မြန်မာ့ရိုးရာလက်ဝှေ့ ကစားနည်းဖြင့် တွဲဆိုင်းခြောက်ဆိုင်း ဝင်ရောက်ယှဉ်ပြိုင်
ထိုးသတ်မည် ဖြစ်သည်။ ပြိုင်ပွဲတွင် ကမ္ဘာချန်ပီယံ ဒေ့လက်ဒပ် (ကနေဒါ) နှင့် ဖိုးကေ (မြန်မာ)၊
ဖျံသွေး (မြန်မာ) နှင့် ယာမာဇာကီ(ဂျပန်)၊ ရှမ်းကို (မြန်မာ)နှင့် အိုခူဒါ (ဂျပန်)၊ သားအသည်းတစ်ပွင့်
(မြန်မာ) နှင့် ယာမာမိုတို(ဂျပန်)၊ စောရာဇာ (မြန်မာ)နှင့် ၅၄ ကီလို ဂျပန်မွေထိုင်းချန်ပီယံ ကိုမူအာ၊
အမျိုးသမီးပွဲအဖြစ် ရွှေစင်မင်း (မြန်မာ)နှင့် ဂျပန်နပမ်းမယ် မိုမိုတို့ပါဝင်ကာ တွဲဆိုင်းခြောက်ဆိုင်း
ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်သည်။
မြန်မာ့ရိုးရာလက်ဝှေ့ကစားနည်းအား ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများရှိ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ
များနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အသိအမှတ်ပြုစေရန် မြန်မာမီဒီယာဂရု(ပ်)နှင့် အပြည်ပြည်ဆိုင်ရာ
လက်ဝှေ့အဖွဲ့ချုပ် (ဂျပန်) တို့ ပူးပေါင်းစီစဉ်ကျင်းပသော အဆိုပါပြိုင်ပွဲကြီးတွင် သွားရောက်ယှဉ်ပြိုင် မည့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်
ထွက်ခွာသွားကြောင်း သိရသည်။ ထို့ပြင် ယခု ၂ဝ၁၇ ခုနှစ်အတွင်းတွင် ဂျပန်နိုင်ငံ၌ မြန်မာ့ရိုးရာ
လက်ဝှေ့ပြိုင်ပွဲခြောက်ပွဲ ကျင်းပသွားမည်ဟု ဆိုသည်။










