ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဌာနမှ ထူးချွန် ကျောင်းသားကျောင်းသူများ အတွက် ဆမ်ဆောင်းမြန်မာမှ ပညာသင်ဆု ငွေကျပ် သိန်း ၁ဝဝ မတည်

ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဌာနမှ ထူးချွန် ကျောင်းသားကျောင်းသူများ အတွက် ဆမ်ဆောင်းမြန်မာမှ ပညာသင်ဆု ငွေကျပ် သိန်း ၁ဝဝ မတည်

ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာဌာနမှ ထူးချွန်ကျောင်းသားကျောင်းသူများအတွက်
ပညာသင်ကြားစရိတ် ထောက်ပံ့ပေးမည့် ပညာသင်ဆုရန်ပုံငွေအဖြစ် Samsung
Myanmar က ငွေကျပ် သိန်း ၁ဝဝ ဖြင့် စတင်မတည်လိုက်ကြောင်း ဖေဖော်ဝါရီ
၁၃ ရက်တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၅ ရက်က ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပညာရေးကို ယခုကဲ့သို့ တတ်စွမ်းသရွေ့ ကူညီထောက်ပံ့ပေးသည့်
အတွက် ဝမ်းမြောက်ကြောင်း၊ မတည်လှူဒါန်းသော ရန်ပုံငွေများမှ အမှန်တကယ်
ထူးချွန်သော ကျောင်းသားကျောင်းသူများကို ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊
လာမည့် မတ်လတွင်လည်း ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများအတွက်
Mobile Application Training ရက်တိုသင်တန်းကိုလည်း Samsung Myanmar မှ
ဖွင့်လှစ်ပေးမည်ဟု သိရကြောင်း၊ မတည်လှူဒါန်းလိုက်သော ပညာသင်ဆု ရန်ပုံငွေအား
အကျိုးရှိစွာ ရေရှည်သုံးစွဲသွားရန် ရန်ကုန်တက္ကသိုလ်မှ တာဝန်ရှိသူများ၏ ဦးဆောင်
လမ်းညွှန်မှုနှင့်အတူ ကော်မတီတစ်ခု ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်
တက္ကသိုလ်၊ ကွန်ပျူတာဌာနမှ ပါမောက္ခ ဒေါက်တာ စိုးမြမြအေးက ပြောကြားခဲ့သည်။

ထူးချွန်ပြီး ရည်မှန်းချက် မြင့်မားသော လူငယ်များကို ကူညီပံ့ပိုးလိုသည့်အတွက် ရန်ကုန်
တက္ကသိုလ်မှ ဆရာကြီး၊ဆရာမကြီးများ၏ လမ်းညွှန်ဦးဆောင်မှုဖြင့် အဆိုပါ ပညာသင်ဆု
ရန်ပုံငွေကို စတင်မတည်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ လူငယ်များ၏ ပညာရေးအတွက်
တစ်ဖက်တစ်လမ်းမှ တတ်နိုင်သရွေ့ အစဉ်အမြဲကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ ပညာ
သင်ဆုရရှိမည့် ကျောင်းသားကျောင်းသူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းသစ်
များ ဖန်တီးပေးနိုင်ရန် ဆက်လက် ကြိုးစားသွားမည် ဖြစ်ကြောင်း Samsung Myanmar ၏
PR and Citizenship Manager ကိုစိုးသူရ၏ ပြောကြားချက်အရ သိရသည်။