အင်းစိန်ဆေးရုံတွင် လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်တော့မည်

အင်းစိန်ဆေးရုံတွင် လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်တော့မည်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်ခုတင် ၅ဝဝ အထွေထွေရောဂါကုဆေးရုံကြီးတွင် လာမည့်
ဧပြီလဆန်းမှ စတင်ကာ လူနာများ၏ အောက်ဆီဂျင်ဘူးလိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်း
ပေးနိုင်တော့မည် ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာအေးအောင်၏ ပြောကြားချက်ကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၅ ရက်
က ဖော်ပြထားသည်။

လက်ရှိတွင် အင်းစိန်ဆေးရုံကြီး၌ အောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်သော စက်ငယ်သုံးလုံးရှိကြောင်း၊ စက်နှစ်လုံးမှာ အောက်ဆီဂျင်အိုးများအတွက် ထုတ်ပေးပြီး ကျန်တစ်လုံးမှာ ဆေးရုံမှ လူနာများ ရှူ
သွင်းရာတွင် သုံးရမည့် လိုင်းထဲတွင် ထည့်ပေးခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် လုံလောက်မှုမရှိသဖြင့်
ဆေးရုံမှ ထုတ်လုပ်ပေးမှုအပြင် ဘုန်းကြီးကျောင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ လှူဒါန်းသော၏
အောက်ဆီဂျင်ဘူးများကိုပါ သုံးစွဲနေရကြောင်း၊ ဆေးရုံမှ ထုတ်ပေးသော အောက်ဆီဂျင်ဘူးများကို အရေးပေါ်လူနာများ၊ ငွေကြေးလုံးဝမတတ်နိုင်သူများအတွက် အခမဲ့ပေးပြီး ငွေကြေးတတ်နိုင်သူများ
ကိုမူ လူမှုရေးအသင်းအဖွဲ့များ၊ ဘုန်းကြီးကျောင်းက လှူဒါန်းပေးသော အောက်ဆီဂျင်ဘူးများဖြင့် အသုံးပြုစေကြောင်း ဒေါက်တာအေးအောင်က ပြောကြားခဲ့သည်။

အောက်ဆီဂျင်ဖိုးကုန်ကျငွေမှာ မများသော်လည်း အောက်ဆီဂျင်ဘူးများ သယ်ယူပို့ဆောင်ခမှာ လူနာ
ရှင်များအတွက် ကုန်ကျမှုအခက်အခဲရှိနေသည်ကို ဖြေရှင်းနိုင်ရန်အတွက် ကွန်တိန်နာအရွယ်အစားရှိ ကြီးမားသည့် အောက်ဆီဂျင်ထုတ်လုပ်ပေးသည့် စက်ကို မှာယူထားပြီး လာမည့် ဧပြီလဆန်းတွင် တပ်ဆင်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ခုတင် ၅ဝဝ ဟု သတ်မှတ်ထား
သော်လည်း လူနာတက်ရောက်ကုသမှုမှာ သတ်မှတ်ပမာဏထက် ကျော်လွန်လျက်ရှိပြီး အဆုတ်ရောဂါ
နှင့် နှလုံးရောဂါဝေဒနာရှင်အများစုကို အောက်ဆီဂျင်ပေးကာ ကုသနေရကြောင်း၊ လစဉ် အောက်ဆီဂျင်
ဘူးဘူးကြီး ၆ဝ နှင့် ဘူးလတ် ၁ဝဝ ခန့် အသုံးပြုနေရကြောင်း၊ အဆုတ်ကုသရေးဌာန တစ်ခုတည်းတွင်
နေ့စဉ် အောက်ဆီဂျင်ပေး ကုသ လူနာ ၃ဝ ခန့် ရှိကြောင်း သိရသည်။