မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်
ညှိနှိုင်းရေးကော်မတီ၏ တာချီလိတ်မြို့ရုံးခန်းသစ်ဖွင့်ပွဲကို တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား၌ ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၅ ရက်က ဖော်ပြထားသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး
ကော်မတီကိုု ၂ဝ၁၃ ခုနှစ်၊ သြဂုတ် ၂၈ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ထိုုင်းနိုင်ငံရောက် မြန်မာအလုပ်
သမားများအား သူဌေးက လစာငွေမထုတ်ပေးသည့် ကိစ္စ၊ မြန်မာနိုင်ငံဘက်မှ သွားရောက် လည်ပတ်
သူများအား သုံးစွဲငွေ ကန့်သတ်ပြီး ထိုင်းရဲအချို့က အကြောင်းအမျိုးမျိုးဖြင့် ငွေညှစ်သည့်ကိစ္စ စသည့်
ပြဿနာများကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်းပေးခဲ့ကြောင်း၊ လက်ရှိကော်မတီကို နာယကအဖွဲ့ ၄ ဦး၊
ဦးစီးကော်မတီအဖွဲ့ ၂၅ ဦး၊ လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ၁၃ ဦး၊ တိုင်းရင်းသားများ
ပါဝင်သော အမျိုးသမီး လုပ်ငန်းအဖွဲ့ လေးဦးတို့ဖြင့် ဖွဲ့စည်းထားရှိကြောင်း သိရသည်။
မြန်မာ-ထိုင်းနယ်စပ်၌ ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများအကြား အခိုက်အတန့် ဖြစ်ပွားသည့် အခက်အခဲများကို အောက်ခြေအဆင့် ညှိနှိုင်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ဒေသတွင်းနေ တိုင်းရင်းသားပြည်သူများအနေဖြင့် ဖြစ်ပေါ်လာသည့် အခက်အခဲ
များကို ကော်မတီထံသို့ အကူအညီတောင်းခံနိုင်ကြောင်းနှင့် ကော်မတီအနေဖြင့်လည်း ဥပဒေ ဘောင်
အတွင်းမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကော်မတီနာယက က ပြောကြားခဲ့သည်။










