ဗိုလ်ချုပ်ပုံပါ တံဆိပ်ခေါင်းများ ငွေကျပ် ၅၀၀ ဖြင့် ၀ယ်ယူနိုင်မည်

ဗိုလ်ချုပ်ပုံပါ တံဆိပ်ခေါင်းများ ငွေကျပ် ၅၀၀ ဖြင့် ၀ယ်ယူနိုင်မည်

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ် (၇ဝ) ပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တံဆိပ်ခေါင်း
များကို ဆက်သွယ်ရေးစာတိုက်စခန်းများ၌ ငွေကျပ် ၅ဝဝ နှုန်းဖြင့် မတ်လမှစတင်၍ ဝယ်ယူ စုဆောင်းနိုင်
မည် ဖြစ်ကြောင်း စာတိုက်ရုံးများ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်
၀ါရီလ ၁၅ ရက်က ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အခြားပုံစံဒီဇိုင်းများနှင့် တံဆိပ်ခေါင်းထုတ်ခဲ့ဖူးသော်လည်း ဗိုလ်ချုပ်
အောင်ဆန်းပုံဖြင့် ထုတ်ဝေသည်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း၊ ရောင်းချသည့်အခါတွင်
အမှတ်တရ ဝယ်ယူစုဆောင်းသွားမည် ဖြစ်ကြောင်း တံဆိပ်ခေါင်းစုဆောင်းသည့် ဝါသနာရှင်ဦးကျော်ကျော်
အောင်က ပြောကြားခဲ့သည်။

လွတ်လပ်ရေး ကြိုတင်ပြင်ဆင်သည့် ကာလ ဖြစ်သော ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် နိုင်ငံခြားရေး
ဝန်ကြီးဌာန စတင်ဖွဲ့စည်းခဲ့ရာ၌ ဗိုလ်ချုပ်အောင်ဆန်းက ပထမဆုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့်အတွက်
တံဆိပ်ခေါင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကို ထည့်သွင်းထုတ်ဝေရန် စီစဉ်ခြင်း ဖြစ်ပြီး တံဆိပ်ခေါင်းထုတ်ဝေ
မှုအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ် (၇ဝ) ပြည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားပွဲများကို ကျင်းပသွား
ရန် ရှိကြောင်း သိရသည်။