ပြည်တွင်း၌ ဒီဇယ်နှင့် ဓာတ်ဆီကို မော်တော်ယာဉ်များအတွက်သာမက ကဏ္ဍစုံအသုံးပြုမှု မြင့်တက်
နေသဖြင့် ပြည်ပမှ ပိုမိုတင်သွင်းနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်က ဖော်ပြထားသည်။
စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချမှုလုပ်ငန်းများကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအား လုပ်ကိုင်
ခွင့်ပြုခဲ့သဖြင့် ၄င်းတို့မှတဆင့် စက်သုံးဆီများကို ပြည်ပနိုင်ငံများမှ တင်သွင်းဖြန့်ဖြူးရောင်းချလျက် ရှိရာ
တွင် ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာသဖြင့် စက်သုံးဆီစျေးကွက်မှာ အရောင်းသွက်လာပြီး
ပြည်ပမှ အပတ်စဉ် တင်သွင်းရောင်းချနေရကြောင်း၊ ယခုနှစ် ဇန်နဝါရီလအတွင်း ပင်လယ်ရေကြောင်းမှ
ဒီဇယ်နှင့် ဓာတ်ဆီတန်ချိန် စုစုပေါင်း နှစ်သိန်း နှစ်သောင်းကျော် တင်သွင်းခဲ့ကြောင်း သိရသည်။
စက်သုံးဆီများကို ပြည်တွင်းရှိ ငါးဖမ်းစက်လှေလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်း
များ၊ အခြားသော စီးပွားရေးလုပ်ငန်းများ၊ မော်တော်ယာဉ်များနှင့် စက်ရုံအလုပ်ရုံများတွင် အသုံးပြုနေသည့် အင်ဂျင်စက်များ မောင်းနှင်ရန် ဝယ်ယူအသုံးပြုလျက် ရှိသည်။










