နန်းမြို့ရိုး ရေရှည်တည်တံ့စေရန် ပြုပြင်ထိန်းသိမ်းမှုများကို လုပ်ငန်းခုနစ်ခုဖြင့် ဆောင်ရွက်သွားမည်

နန်းမြို့ရိုး ရေရှည်တည်တံ့စေရန် ပြုပြင်ထိန်းသိမ်းမှုများကို လုပ်ငန်းခုနစ်ခုဖြင့် ဆောင်ရွက်သွားမည်

မန္တလေးမြို့၏ ပြယုဂ်တစ်ခုဖြစ်သော နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိ မန္တလေးနန်းမြို့ရိုးကြီး
ရေရှည် တည်တံ့ခိုင်မြဲစေရန်အတွက် ပြုပြင်ထိန်းသိမ်းမှုများကို လုပ်ငန်းစဉ်(၇)ခုဖြင့် ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်က ဖော်ပြထား
သည်။

စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
(မန္တလေးဌာနခွဲ) တို့ ပူးပေါင်း၍ နန်းမြို့ရိုး ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်သွားရန်
အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိထားပြီဖြစ်ကြောင်း၊ လုပ်ငန်း
ဆောင်ရွက်ရာတွင် အောင်ပြည်တန်ကုမ္ပဏီနှင့် ပုဂံဒေသမှ အုတ်အဆောက်အအုံ ထိန်းသိမ်းမှု
လုပ်ငန်းကျွမ်းကျင်သော အလုပ်သမားများလည်း ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ရှေး
ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်
ထွန်းက ပြောကြားခဲ့သည်။

နန်းမြို့ရိုးကို ပြုပြင်ထိန်းသိမ်းရာတွင် မြို့ရိုးပတ်လည်ရှိ ရေညှိများကို ပေါင်းသတ်ရှင်းလင်းခြင်း၊
ရေလုံ ဆေး အသုံးပြု၍ အနားသတ်ကြားသိပ်ခြင်း၊ မြို့ရိုးအုတ်နံရံတွင် ပျက်စီးလစ်လပ်နေသော
နေရာများ၊ အက်ကွဲကျိုးပဲ့နေသော အုတ်များနှင့် ဆွေးမြည့်နေသော အုတ်များကို ဖယ်ရှားပြီး ရှေး
ဟောင်း အုတ်အရွယ်အစားအတိုင်း အစားထိုးဆောင်ရွက်ခြင်း၊ မြို့ရိုးကွဲအက်ပျက်စီးနေသည့်
နေရာများကို ကာဗွန် ဖိုက်ဘာနည်းပညာ၊ Brick Stitching နည်းပညာ၊ Lime Grouting ထည့်သွင်း
ခြင်း နည်းပညာများ အသုံးပြု၍ ကြံ့ခိုင်အောင် ပြုလုပ်ခြင်းများ ဆောင်ရွက်မည်ဟု ဆိုသည်။

ထို့ပြင် မြောက်ဘက်နှင့် အနောက်ဘက်မြို့ရိုးရှိ နိမ့်ကျွံကျပျက်စီးနေသည့် နေရာနှစ်ခုအတွက် အလျား
၅ ပေ၊ အနံ ၅ ပေ၊ ထု ၂ ပေဖြင့် Concrete Grouting ဖြည့်၍ မြှင့်တင်ခြင်းဖြင့် ကြံ့ခိုင်အောင် ပြုလုပ်
ခြင်း၊ ပြာသာဒ်များနှင့် နန်းမြို့ရိုးနံရံအပေါ်ထိပ် မျက်နှာပြင်ကို မိုးရေစိမ့်ဝင်ခြင်းမှ ကာကွယ်ရန် ၁. ၅
လက်မထုရှိ ကွန်ကရစ် ရေပိတ်လွှာ လောင်းခြင်း၊ နန်းမြို့ရိုးပတ်လည်ရှိ တံခါး ၁၂ ခုနှင့် မီးတား ၁၂
ခု၏ နံရံပလာစတာများ ကွာကျပျက်စီးနေသည်ကို အမြင်တင့်တယ်စေရန် ပြုပြင်ပေးခြင်း၊ နန်းမြို့ရိုး အပြင်ဘက်အခြေတွင် ရေမဝပ်စေရန် လက်ရှိ မြို့ရိုးနှင့်ကျုံးအကြား ဖောက်လုပ်ထားသော လမ်းဘေး
ရေမြောင်းများကို စနစ်တကျ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။