မန္တလေးမြို့အောင်မြေသာစံမြို့နယ် (၂၂) လမ်း၊ လမ်း (၉ဝ) နှင့် (၉၁) လမ်းကြားတွင် ထားရှိသော
ယောမင်းကြီးဦးဖိုးလှိုင် အမှတ်တရရုပ်တုနှင့် ဂူဗိမာန်တော်သချႋုင်းကျောက်စာနေရာအား ဆွေတော်
မျိုးတော်များ၏ လှူဒါန်းငွေဖြင့် ပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၆ ရက်က ဖော်ပြထားသည်။
ယောမင်းကြီး၏အမှတ်တရ ဂူဗိမာန်ရုပ်တုကျောက်စာနှင့် ဆွေတော်မျိုးတော်များ၏ အုတ်ဂူများ မပျောက်
ပျက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လာရောက်ကြည့်ရှုသူများ အဆင်ပြေစွာ လေ့လာ
နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆွေတော်မျိုးတော်များက အလှူငွေ ကျပ် ၁၁ သိန်းကို ရှေးဟောင်း
သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြောင်း၊ ၄င်းတို့အနေဖြင့်လည်း ဌာန
၏ သာမန်ဘတ်ဂျက်ငွေဖြင့် ယောမင်းကြီး ဂူဗိမာန်ရုပ်တုနှင့် ဆွေတော်မျိုးတော်အုတ်ဂူများအား ဆေးသုတ်
ခြင်း၊ ဂူဗိမာန်တော်နေရာ အတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများနှင့် ခြံစည်းရိုးအုတ်နံရံများ၊ သံပန်း၊ သံ
တံခါးများ၊ ဆေးသုတ်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေ
သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားခဲ့သည်။
ယောမင်းကြီးဦးဖိုးလှိုင် ဂူဗိမာန်ထိန်းသိမ်းရေးလုပ်ငန်းများအနေဖြင့် ဂူဗိမာန်ရုပ်တုနှင့် ဆွေတော်မျိုးတော်
အုတ်ဂူများအတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လာရောက် လေ့လာ
ကြည့်ရှုသူများ ခေတ္တအနားယူရန် ထိုင်ခုံများ ထားရှိခြင်းနှင့် ဂူဗိမာန်နေရာပတ်ဝန်းကျင် သန့်ရှင်သာယာ
လှပရေးအတွက် သစ်ပင်ပန်းမန်များ စိုက်ပျိုးထားရှိခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယောမင်းကြီးဦးဖိုးလှိုင်သည် မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တွင် အတွင်းဝန်၊ မြို့စား အတိုင်ပင်ခံ
ပညာရှိရာထူးများအပြင် သတိုးမင်းကြီး မင်းလှမဟာမင်းခေါင်သီဟသူ ဘွဲ့ရ မြန်မာပညာရှိတစ်ဦး ဖြစ်ခဲ့ပြီး
မြန်မာစာပေလောကတွင် ကျမ်းပေါင်း ၁၉ ကျမ်း ရေးသားခဲ့သည့် ဝိဇ္ဇာ၊ သိပ္ပံပညာရှင်တစ်ဦး ဖြစ်သည်။










