ဆေးဖက်ဝင် ခွေးလှေးယားသီး အစေ့များကို တစ်နှစ်လျှင် တန်ချိန် ၂ဝ ခန့် တရုတ်နိုင်ငံ အပါအဝင်
အာရှနိုင်ငံအချို့သို့ တင်ပို့နေရကြောင်း မကွေးမြို့မှ ခွေးလှေးယားသီး စိုက်ပျိုးထုတ်လုပ်သူ ဦးသန်း
အောင်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်က
ဖော်ပြထားသည်။
ခွေးလှေးယားသီးမှာ အရိုင်းနှင့် အယဉ် နှစ်မျိုးရှိပြီး အယဉ်ကိုသာ စိုက်ပျိုးစားသုံးကြကြောင်း၊ တစ်နိုင်ငံ
လုံး၏ ခွေးလှေးယားသီး စိုက်ပျိုးထွက်ရှိမှုမှာ တစ်နှစ်လျှင် တန်ချိန် ၃ဝ ခန့်ရှိပြီး ပြည်တွင်း၌ ၁ဝ တန်ခန့်
အသုံးပြုကာ ပြည်ပသို့ တန်ချိန် ၂ဝ ခန့် တင်ပို့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနှင့် အိန္ဒိယ
နိုင်ငံများသို့ အဓိက တင်ပို့နေပြီး ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့က အားတိုးဆေးအတွက် နှစ်ခြား၍ လာ
ရောက်ဝယ်ယူကြကြောင်း ဦးသန်းအောင်က ပြောကြားခဲ့သည်။
ခွေးလှေးယားသီးကို နယ်စပ်သို့ တင်ပို့ရာတွင် အသင်းအဖွဲ့မရှိသောကြောင့် စိုက်ပျိုးထုတ်လုပ်သူများနှင့်
ပုဂ္ဂလိကကုမ္ပဏီများက သွားရောက်တင်ပို့ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်ကုန်ပိုင်းက ခွေးလှေးယားသီး အစေ့
တစ်တင်းလျှင် ငွေကျပ် ၁၅ဝဝဝဝ စျေးရှိပြီး ယခုလက်ရှိတွင် ငွေကျပ် ၈ဝဝဝဝ ခန့်ရှိကြောင်း၊ ပြည်တွင်း
၌ တိုင်းရင်းဆေးအမျိုးအစား ၁၀ မျိုးခန့် ဖော်စပ်ရန်အတွက်လည်း ခွေးလှေးယားသီးကို ရောင်းချပေးရ
ကြောင်း သိရသည်။
ခွေးလှေးယားပင်၏ မူလဒေသသည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်း အာရှဒေသနှင့် အာဖရိကဒေသများ
ဖြစ်ပြီး မြန်မာနိုင်ငံ၌ နေရာဒေသ အသီးသီးတွင် ပေါက်ရောက်နိုင်ကြောင်း၊ ခွေးလှေးယားသီးကို တစ်နှစ်
တစ်ကြိမ် စိုက်ပျိုးနိုင်ပြီး ယိုးဒယားခွေးလှေးယားသီးဟု ခေါ်သော အိန္ဒိယမျိုးစေ့မှာ တစ်နှစ်ကို နှစ်ကြိမ်
စိုက်ပျိုး၍ ရသောကြောင့် စမ်းသပ်စိုက်ပျိုးနေသည်ဟု ဆိုသည်။
ခွေးလှေးယားသီးအစေ့တွင် ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်များ ပါဝင်ပြီး သတ္တုဓာတ်
အနည်းငယ် ပါဝင်ပြီး ဆေးဖက်ဝင် အာနိသင် ရှိခြင်းကြောင့် သင့်တင့်သော ပမာဏခန့်သာ စားသုံးသင့်ပြီး
စားသုံးမှုပမာဏ များပြားလျှင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ကြောင်း ခွေးလှေးယားသီး စိုက်ပျိုးထုတ်လုပ်သူ ဦးသန်းအောင်၏ ပြောကြားချက်အရ သိရသည်။










