သီတဂူဆရာတော်ကြီး၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် တည်ထားကိုးကွယ်မည့်
ပထမဆုံး ရွှေစည်းခုံ ပုံတူစေတီတော်ကြီးအတွက် ဌာပနာတော် အပါအဝင် စေတီတော်တည်ထားရန်
အလှူငွေထည့်ဝင်နိုင်ကြောင်း သီတဂူသာသနာပြုအဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၀ ရက်က ဖော်ပြထားသည်။
ရုရှားနိုင်ငံ၊မော်စကိုမြို့မှ သုံးနာရီနီးပါး မော်တော်ကားဖြင့် သွားရသော နေရာ၊ သီတဂူဆရာတော်
တည်ထောင်ထားသော မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတော်အနီးတွင် စေတီတော်ကို တည်ထား
ရန် ရည်ရွယ်ကြောင်း၊ ရုရှားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာလ်မီးကီးယားဒေသတွင် မဟာယာန ဗုဒ္ဓဘာသာ
ကိုးကွယ်သူအများစု နေထိုင်ကြပြီး ရွှေငွေဥစ္စာပစ္စည်းများထက် ဗုဒ္ဓမြတ်စွာကို အသက်တမျှ ထိန်းသိမ်း
စောင့်ရှောက်ကိုးကွယ်ကြသည်ကို မြင်တွေ့ရခြင်းကြောင့် ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေး၊ သီတဂူ
ဆရာတော်ဦးဆောင်မှုဖြင့် စေတီတော်တည်ထားနိုင်ရေးအတွက် အားတက်ရကြောင်း မန္တလေးသီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ အရှင်ဝေဠုရိယ ဉာဏာလင်္ကာရက မိန့်ကြားခဲ့သည်။
ရုရှားနိုင်ငံ၏ နိုင်ငံရေးမူဝါဒအရ ဘာသာမဲ့ဦးရေ အလွန်များပြားသည့်အတွက် သာသနာပြန့်ပွားရေး
ဆောင်ရွက်ရန် အခွင့်အရေးများ ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ရုရှားနိုင်ငံတွင် မူလကတည်းကပင်
ဗုဒ္ဓဘာသာဝင်များ ရှိနေပြီး ဖြစ်သကဲ့သို့ မြန်မာ့ ထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတော်ကိုလည်း သီတဂူ
ဆရာတော်က တည်ထောင်ထားပြီးဖြစ်သောကြောင့် စေတီတော်မြတ်ကြီးကို မကြာခင် တည်ထားနိုင်
မည် ဖြစ်ကြောင်း၊ အလှူရှင်များအနေဖြင့် ဌာပနာတော်အပါအဝင် စေတီတော်တည်ထားရန် အလှူငွေ
များ ထည့်ဝင်နိုင်ကြောင်း၊ သီတဂူဆရာတော်ကိုယ်တိုင်လည်း အနယ်နယ်အရပ်ရပ်ကို တရားတော်များ
လှည့်လည်ဟောကြားကာ ရရှိလာသော အလှူငွေများကို ဘုရားတည်ထားရန်အတွက် ရည်စူးဆောင်ရွက်
နေကြောင်း သိရသည်။
ပုဂံမှ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ပုံစံအတိုင်း အဆိုပါ စေတီတော်ကို တည်ထားမည်ဖြစ်ပြီး မြန်မာ့
ယဉ်ကျေးမှုလက်ရာများအတွက် မြန်မာနိုင်ငံမှ ဗိသုကာပညာရှင်များနှင့် ပန်းဆယ်မျိုးပညာရှင် များကို ခေါ်ယူ
တည်ဆောက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သီတဂူဆရာတော်ကြီးဦးဆောင်ကာ ရုရှားနိုင်ငံတွင် တည်
ထားမည့် ရွှေစည်းခုံစေတီတော်ကြီး တည်ဆောက်မှုများကို ယခုနှစ်အတွင်း စတင်နိုင်ရန် ကြိုးပမ်းလျက် ရှိ
သည်ဟု ဆိုသည်။










