ထိုင်းနိုင်ငံတွင် ပန်းရောင်ဘတ်ကတ် ကိုင်ဆောင်ကာ အလုပ်လုပ်နေသည့် မြန်မာ၊
ကမ္ဘောဒီးယားနှင့် လာအို သုံးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်ငန်း
ရှင်က ခွင့်ပြုပါက မိမိနိုင်ငံသို့ လာမည့် ဧပြီ ၁ဝ ရက်မှ ၃ဝ ရက်အထိ ရက်ပေါင်း ၂ဝ
ပြန်ခွင့်ပြုမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်
ဖေဖော်ဝါရီလ ၂၀ ရက်က ဖော်ပြထားသည်။
ပုံမှန်အားဖြင့် ပန်းရောင်ဘတ်ကတ်ကိုင်သူများ မြန်မာပြည် ပြန်ပါက မြန်မာသံရုံး၏
ထောက်ခံစာ၊ လုပ်ငန်းရှင် ခွင့်ပြုကြောင်း ထောက်ခံစာနှင့် သက်ဆိုင်ရာ မြို့နယ်အလုပ်
သမားရုံး ထောက်ခံစာ ၃ မျိုးစုံမှသာ ပြန်ခွင့်ပြုပြီး ယခုနှစ် သင်္ကြန်ကာလတွင်မူ အထူး
အခွင့်အရေးအနေဖြင့် ပန်းရောင်ဘတ်ကတ်နှင့် ပူးတွဲပါ စာရွက်စာတမ်းများမှလွဲ၍ အခြား
မည်သည့်အထောက်အထားမှ ထုတ်ယူရန် မလိုဘဲ လုပ်သားများအဆင်ပြေ လွယ်ကူစွာ
အိမ်ပြန်ခွင့်ရနိုင်ရန် မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနမှ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ အပြီးသတ်ခွင့်ပြုချက်အမိန့်အား ထိုင်းနိုင်ငံ
ဘက်မှ ဧပြီလအတွင်း တရားဝင်ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မိမိပြန်သည့် နယ်စပ်လမ်းကြောင်းမှသာ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရမည်
ဖြစ်ပြီး နှစ်နိုင်ငံသတ်မှတ်ထားသော နယ်စပ်ဂိတ်ပေါက် ချစ်ကြည်ရေးတံတားများကသာ
ဖြတ်သန်းသွားလာရမည်ကို အထူးသတိပြုရမည် ဖြစ်ကြောင်း မြန်မာသံရုံး အလုပ်သမား
သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောကြားခဲ့သည်။









