ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် Water Taxi ကို
ယခုနှစ်လယ်ပိုင်းခန့်တွင် စတင်ပြေးဆွဲနိုင်ရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၀ ရက်က ဖော်ပြထားသည်။
တင်ဒါအဆိုပြုထားသော ကုမ္ပဏီနှစ်ခုအနက် ရေကြောင်းပို့ဆောင်ရေးဖြစ်တဲ့အတွက် လုံခြံုစိတ်ချရမှု
ကို ဦးစားပေးရန်အတွက် ပိုမိုပြည့်စုံမှုရှိသော ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း၊ ကုမ္ပဏီများကို ရွေးချယ်
ပြီးပါကလည်း အများပြည်သူ စိတ်ချလုံခြံုစွာ သွားလာနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့် အညီ
စနစ်တကျ ကိုင်တွယ်ကြပ်မတ်ရန် လိုအပ်ကြောင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ
ပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။
လက်ရှိတွင် တင်ဒါလျှောက်ထားသော ကုမ္ပဏီနှစ်ခုအနက် မြန်မာသင့်တင့်ကုမ္ပဏီကို ရွေးချယ်ထား
ပြီး လာမည့် မေလဆန်းပိုင်းခန့်တွင် စတင်ပြေးဆွဲနိုင်ရန် လျာထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့သည်။ မူလလျာထားချက်အနေဖြင့်
ငမိုးရိပ်ချောင်းတစ်လျှောက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဘေလီတံတားအနီးမှ ညောင်တန်းအထိ
လည်းကောင်း၊ လှိုင်မြစ်ကြောင်းနှင့် ရန်ကုန်မြစ်တစ်လျှောက် လှိုင်သာယာမှ မြို့တွင်းသို့လည်းကောင်း
ရှပ်ပြေးယာဉ်များ၊ သင်္ဘောများဖြင့် ပြေးဆွဲရန် လျာထားကြောင်း သိရသည်။









