ဆေးတက္ကသိုလ်များ၌ နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်များ ပြောင်းလဲကျင့်သုံးမည်

ဆေးတက္ကသိုလ်များ၌ နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်များ ပြောင်းလဲကျင့်သုံးမည်

၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဆေးတက္ကသိုလ်များ၌ ပညာရေးအဆင့်မြင့်မားစေရန်
နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်များဖြင့် ပြောင်းလဲကျင့်သုံးသွားမည် ဖြစ်ကြောင်း
ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၈ ရက် က ဖော်ပြထားသည်။

ယခုနှစ် ဒီဇင်ဘာလမှ စတင်တက်ရောက်မည့် ပထမနှစ် ဆေးတက္ကသိုလ် ကျောင်းသား၊
ကျောင်းသူများကို နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်ဖြင့် ပြောင်းလဲသင်ကြားပေး
သွားမည်ဖြစ်ပြီး ဗဟိုပြုသင်ကြားရေးကို အသုံးပြုကာ ကိုယ်တိုင်လေ့လာနိုင်သော ပညာ
ရေးစနစ်အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

ယခင်ကကဲ့သို့ စာသင်ချိန်များစွာ ပေးမည်မဟုတ်ဘဲ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူ အပြန်အလှန်မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများကို Small Group ပုံစံဖြင့် ကိုယ်တိုင်နည်းလမ်း
ရှာဖွေနိုင်သည့် နည်းများကို သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

World Federation of Medical Education ၏ သင်ရိုးညွှန်းတမ်းအပေါ် အခြေခံကာ
အဆိုပါ ဆေးပညာသင်ကြားရေးစနစ်ကို သင်ကြားပေးသွားမည် ဖြစ်ပြီး လက်ရှိတွင်
မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ငါးခုနှင့် တပ်မတော်ဆေးတက္ကသိုလ်အပါအဝင် စုစုပေါင်း
ဆေးတက္ကသိုလ် ခြောက်ခု၌ ပြောင်းလဲကျင့်သုံးသွားမည် ဖြစ်သည်။

သင်ရိုးညွှန်းတမ်းများတွင် အရေးပေါ်ဆေးပညာရပ်များအပြင် အပြုအမူကျင့်ဝတ်ပိုင်းဆိုင်ရာ
ဘာသာရပ်များ ထည့်သွင်းသင်ကြားပေးမည် ဖြစ်သည်။ လက်ရှိတွင် ဆေးတက္ကသိုလ်ဝင်ခွင့်
ကို တက္ကသိုလ်ဝင်တန်းအမှတ်ပေးစနစ်အတိုင်း သတ်မှတ်ထားပြီး နောက်ပိုင်းတွင် လူတွေ့
ဖြေဆိုခြင်းများပါ ထည့်သွင်းရန် စီစဉ်လျက်ရှိသည်။

ထိုသို့ ပြောင်းလဲရခြင်းမှာ အရည်အသွေးပိုင်း၊ အရည်အချင်းပိုင်းများအရ အမျိုးသားကျန်းမာရေး
စီမံကိန်းများနှင့် ကိုက်ညီသည့် ဆရာဝန်ကောင်းများကို မွေးထုတ်ပေးနိုင်ရန် စီစဉ်ခြင်း ဖြစ်သည်
ဟု ဆိုသည်။