မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထွက်ရှိသော စက်သုံးဆီများကို လစဉ်ပြောင်းလဲမှု
စျေးနှုန်းအရှင်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း
ကုန်ထုတ်လုပ်မှုဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်း၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်က ဖော်ပြထားသည်။
အဆိုပါ စက်ရုံများ၌ စက်သုံးဆီများကို လစဉ်ပြောင်းလဲသော စျေးနှုန်းဖြင့် သွားရောက်ဝယ်ယူ
ခွင့်ပြုထား ကြောင်း၊ ဖေဖော်ဝါရီလအတွင်း မန်းသံပုရာကန်စက်ရုံမှ ထုတ်လုပ်သော ဒီဇယ်ဆီ၊
စီဂျီအိုဓာတ်ဆီနှင့် ချောက်စက်ရုံမှ ထုတ်လုပ်သော ဆီပြာတို့ကို MOPS စျေးနှုန်းအပေါ် အခြေခံ
တွက်ချက် ထုတ်ပြန်ကြေညာ၍ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊ ဒီဇယ်တစ်ဂါလန်လျှင် ငွေကျပ်
၂၅ဝဝ၊ စီဂျီအို တစ်ဂါလန်လျှင် ငွေကျပ် ၂ဝဝဝ၊ ချောက်စက်ရုံမှ ထွက်ရှိသော ဆီပြာ တစ်ဂါလန်
လျှင် ငွေကျပ် ၁၇ဝဝ ဖြင့် စျေးနှုန်းမပြောင်းလဲဘဲ ဝယ်ယူနိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြား
ခဲ့သည်။
အကြမ်းအားဖြင့် ဂါလန်ပေါင်း ၂၇ သန်းခန့်ကို မည်သူမဆို ဝယ်ယူနိုင်ရန် သတ်မှတ်ပေးထားပြီး
ယခုအခါ စီဂျီအိုဂါလန်ပေါင်း ရှစ်သန်းခန့်နှင့် ဓာတ်ဆီဂါလန် ခြောက်သန်းခန့် ရောင်းချနိုင်ခဲ့ပြီး
ဝယ်ယူသူများ အခက်အခဲမဖြစ်စေရေးအတွက် စျေးနှုန်းအရှင်ဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရောင်းချပေးခြင်းကြောင့် ပြည်တွင်း၌ စက်သုံးဆီစျေးနှုန်း ကြီးမြင့်မှု လျော့နည်းသွားနိုင်
မည် ဖြစ်ကြောင်း သိရသည်။










