(၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

(၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

(၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်က ရန်ကုန်မြို့၊ အလုံ
မြို့နယ်ရှိ ဖရင့်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက် စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၁ ရက်က ဖော်ပြထားသည်။

ချင်းအမျိုးသားခေါင်းဆောင်ကြီးများအား နှစ်မိနစ်ငြိမ်သက်ဂါရဝပြုခြင်းနှင့် ချင်းအမျိုးသားနေ့ ဂုဏ်ပြု
စကားပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက် ချင်းတိုင်းရင်းသား/တိုင်းရင်းသူများက ရိုးရာအကများ
ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုများကို ဖော်ထုတ်ပြသခြင်း၊ ခေတ်
ပေါ် အကများဖြင့် ဖျော်ဖြေခြင်း၊ ချင်းတိုင်းရင်းသားတေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေ
ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ချင်းတိုင်းရင်းသား လူကြီးလူငယ်အားလုံး ပြန်လည်ဆုံစည်းကြသည့်အပြင် ရိုးရာ ဝတ်စား ဆင်ယင်မှု
များ၊ ယဉ်ကျေးမှုများကိုလည်း မြင်တွေ့ရမည် ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုများကို ပြသရင်း တစ်ဦး
နှင့် တစ်ဦး အသိအမှတ်ပြုလာစေရန်၊ ချင်းလူမျိုးများအားလုံး စုစုစည်းစည်း၊ သိုက်သိုက်ဝန်းဝန်း ဖြစ်
စေရန် ဖော်ဆောင်ခြင်း ဖြစ်ကြောင်း (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရေးကော်မတီ
(ရန်ကုန်) မှ ဒုတိယဥက္ကဋ္ဌ (၁) U Pach-hunga (မီဇိုး)က ပြောကြားခဲ့သည်။

အခမ်းအနားတွင် ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ရိုးရာ အဝတ်အထည်အရောင်းဆိုင်များ၊
ရိုးရာ အစားအသောက်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များကို ဖွင့်လှစ်ရောင်းချသည့်အပြင်
ချင်းတိုင်းရင်းသားများ၏ မျိုးနွယ်စုအလိုက် ဘဝသရုပ်ဖော်ဓာတ်ပုံများကို ပြခန်းဖွင့်လှစ်၍ ပြသခဲ့
ခြင်းဖြစ်သည်။

ချင်းအမျိုးသားနေ့ကို ပထမဆုံးအကြိမ်အဖြစ် ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ဝ ရက်က မင်းတပ်မြို့၌
စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် ချင်းပြည်နယ်ရှိ ချင်းအမျိုးသားများသာမက
ပြည်နယ် ပြင်ပနှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော ချင်းတိုင်းရင်းသားများကလည်း ချင်း
အမျိုးသားနေ့ကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ ရှိကြောင်း သိရသည်။