ဒေါ်ခင်ကြည်ဆေးရုံ (ဗဟန်းအမျိုးသမီးဆေးရုံ) ကို မွမ်းမံတည်ဆောက်

ဒေါ်ခင်ကြည်ဆေးရုံ (ဗဟန်းအမျိုးသမီးဆေးရုံ) ကို မွမ်းမံတည်ဆောက်

ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ  ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအဆောက်အအုံ မွမ်းမံ
တည်ဆောက်မှု ရတနာပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ
၂၁ ရက်က ဆေးရုံဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၂ ရက်က ဖော်ပြထားသည်။

ဗဟန်းအမျိုးသမီးဆေးရုံကြီး၏ မူလအဆောက်အအုံကို ခုတင် ၁ဝဝ ဆံ့ ဆေးရုံကြီးအဖြစ် ရှေးမူ
မပျက် မွမ်းမံပြီး နှစ်ထပ်ဆောင်တစ်ခုကိုလည်း အသစ်တည်ဆောက်သွားမည် ဖြစ်ကြောင်း၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တရုတ်အစိုးရ၏ ငွေကြေးပံ့ပိုးမှု၊ တိုင်းဒေသကြီးအစိုးရ၏
ညှိနှိုင်း ဆောင်ရွက်မှုဖြင့် တရုတ်-မြန်မာပူးပေါင်းဆက်ဆံရေးဗဟိုအဖွဲ့က တာဝန်ယူတည်ဆောက်
ပြီး ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မတိုင်မီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်
တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြော
ကြားခဲ့သည်။

တရုတ်အစိုးရအနေဖြင့် အဆိုပါဆေးရုံကို မွမ်းမံတည်ဆောက်ပေးမည့်အပြင် ဆေးရုံ၌ ခန့်ထားမည့်
ဆရာဝန်၊ သူနာပြုများကိုလည်း တရုတ်အစိုးရ၏ အထောက်အပံ့ဖြင့် နိုင်ငံရပ်ခြားသို့ ပညာသင် စေ
လွှတ်နိုင်ရေးနှင့် ဆေးရုံ၌ လိုအပ်သည့် ပစ္စည်းကိရိယာများ၊ ဆေးပစ္စည်းများကိုလည်း ပံ့ပိုးပေးသွား မည် ဖြစ်ကြောင်း၊ ဆေးရုံကြီးကို အဆင့်မြှင့်တင်ပြီးပါက ကုသရေးဆေးရုံအပြင် သားဖွား ကလေး အထူးကုသင်တန်းများကိုလည်း ပို့ချပေးသည့် အဓိကဆေးရုံကြီး ဖြစ်လာစေရန် မျှော်မှန်းဆောင်ရွက်
သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က မီဝပ်ဂျီကို ဝါ(စ်) ဂျီ ခန်းမအမည်ကို တာဝါလိန်းအမျိုးသမီးဆေးရုံဟု အမည်ပြောင်းလဲ၍
သားဖွားဆေးရုံအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဖြစ်သူ ဒေါ်ခင်ကြည်က ဆေးရုံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ဒေါ်ခင်ကြည်ဆေးရုံ
အဖြစ် လူသိများလာခဲ့့သည်ဟု ဆိုသည်။