အမေရိကန်ပြည်ထောင်စုရောက် မြန်မာလူမျိုးများ နှစ်စဉ် စုပေါင်းကျင်းပသော မြန်မာ့
ရုပ်ရှင်ပွဲတော်ကို ယခုနှစ် တွင် (၁ဝ) နှစ်မြောက်အဖြစ် သြဂုတ်လ နောက်ဆုံးပတ်တွင်
လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးအဖွဲ့မှ အဖွဲ့ဝင်
တစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂၂
ရက်က ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာလူမျိုးများ
မြန်မာနိုင်ငံကို အလွမ်းပြေအနေဖြင့် ကြည့်ရှုခံစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့
ရုပ်ရှင်ပွဲတော်ကို ကျင်းပခြင်း ဖြစ်ပြီး မြန်မာလူမျိုးများသာမက နိုင်ငံခြားသားများပါ ပါဝင်
ဆင်နွှဲနိုင်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
သြဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပမည့် အဆိုပါ ရုပ်ရှင်ပွဲတော်တွင် မြန်မာ့
ရုပ်ရှင် ဇာတ်ကားတိုများ၊ မှတ်တမ်းဇာတ်ကားများနှင့် မြန်မာ့ရုပ်ရှင် ဇာတ်ကားကောင်း
များ ပြသသွားမည် ဖြစ်သည်။
ပွဲတော်တွင် ပြသမည့် မြန်မာ့ရုပ်ရှင် ဇာတ်ကားများကို မကြာမီ ဖိတ်ခေါ်သွားမည် ဖြစ်ပြီး
ပေးပို့လာသော ဇာတ်ကားများမှ အကောင်းဆုံးဇာတ်ကားများကို ရွေးချယ်ပြသသွားမည်
ဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု၌ မြန်မာ့ရုပ်ရှင်ပွဲတော်ကို ၂ဝဝ၇ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပ
ခဲ့ရာ ပြည်တွင်းရှိ အနုပညာရှင်များလည်း တက်ရောက်ကြသည်ဟု ဆိုသည်။









