ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲချန်ပီယံ ဦးဝင်းထွန်းအား ထပ်မံဂုဏ်ပြု

ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲချန်ပီယံ ဦးဝင်းထွန်းအား ထပ်မံဂုဏ်ပြု

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် 'World Chess Federation က ကြီးမှူးကျင်းပသော ကမ္ဘာ့အပျော်တမ်း
စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သော ဦးဝင်းထွန်းအား ဂုဏ်ပြုပွဲအခမ်းအနား
ကို မေလ ၉ ရက်က ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ်၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန
၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၁၂ ရက်က ဖော်ပြထားသည်။

၂ဝ၁၇ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၉ ရက်အထိ အီတလီနိုင်ငံ စပိုလီတိုမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့အပျော်
တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာန၊ အီတလီနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်းထွန်း
နှင့် စည်သူတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဝင်းထွန်းက မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ကမ္ဘာ့
အပျော်တမ်း စစ်တုရင် တံခွန်စိုက်ပြိုင်ပွဲ ၂ဝ၁၇ ချန်ပီယံဆုကို ထိုက်တန်စွာ ဆွတ်ခူး ရရှိခဲ့ကြောင်း
သိရသည်။

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပခြင်း ဖြစ်သည့့်အတွက် ဆုရရှိရန် ခက်ခဲပြီး ယှဉ်ပြိုင်မှုများ
လည်း ပြင်းထန်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်တုရင်အားကစားကို လူသိနည်းရုံသာမက ဝါသနာ
ပါသူ နည်းပါးကြောင်း၊ ယခုပြိုင်ပွဲတွင် စုစုပေါင်း ကိုးပွဲ ကစားခဲ့ရကြောင်း၊ ပွဲတစ်ပွဲလျှင် ငါးနာရီ၊
ခြောက်နာရီခန့် ကြာမြင့်ကြောင်း၊ ပြိုင်ပွဲဝင်နိုင်ငံ၂၇ နိုင်ငံမှ ကစားသမား ၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်
ခဲ့ကြောင်း၊ ပြိုင်ပွဲကျင်းပသည့် စနစ်အရ နိုင်သည် ဖြစ်စေ၊ ရှုံးသည် ဖြစ်စေ တစ်ဦးလျှင် ကိုးပွဲအပြည့်
ကစားရကြောင်း၊ နိုင်လျှင် တစ်မှတ်၊ သရေကျလျှင် အမှတ်ဝက်၊ ရှုံးလျှင် အမှတ်မရဟု သတ်မှတ်
ထားကြောင်း၊ မိမိအနေဖြင့် ကိုးပွဲကစားရာတွင် ခုနစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲရှုံးဖြင့် ချန်ပီယံဆု
ကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း စစ်တုရင်ချန်ပီယံ ဦးဝင်းထွန်းက ပြောကြားခဲ့သည်။

အဆိုပါ ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲကို ၁၉၂၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌
ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် (၂၄) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။