ပုဂံရှေးဟောင်းဇုန် နယ်နိမိတ်အကျယ်အဝန်းကို ဧက ၅၀၀၀၀ ထိ တိုးချဲ့သွားမည်

ပုဂံရှေးဟောင်းဇုန် နယ်နိမိတ်အကျယ်အဝန်းကို ဧက ၅၀၀၀၀ ထိ တိုးချဲ့သွားမည်

ဒေသခံများ၏ အကျိုးစီးပွားကို ပိုမိုကာကွယ်ပေးနိုင်ရန် ပုဂံရှေးဟောင်းဇုန်၏ နယ်နိမိတ်အကျယ်အဝန်း
ကို ဧက ၅ဝဝဝဝ ခန့်ထိ တိုးချဲ့သတ်မှတ်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး
ဌာန၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် မေ ၁၁ ရက်က ဖော်ပြထားသည်။

ပုဂံရှေးဟောင်းဇုန်၏ နယ်နိမိတ်အကျယ်အဝန်းကို သတ်မှတ်ရာတွင် လက်ရှိသတ်မှတ်ထားသော ဧက
အပြင် ဧရိယာဧက ၂ဝဝဝဝ ကျော် တိုးချဲ့ကာ ညောင်ဦးမြို့ အရှေ့ဘက်ရှိ ယုန်လွှတ်ကျွန်းနှင့် ဧရာဝတီ
မြစ် တစ်ဖက်ကမ်းရှိ တန့်ကြည်တောင်တို့ကိုပါ ထည့်သွင်းသတ်မှတ်ရန် စီစဉ်နေကြောင်း၊ ထိုသို့ တိုးချဲ့
သတ်မှတ်ခြင်းကြောင့် မြို့ရွာရပ်ကွက်များ ရွှေ့ပြောင်းခြင်းနှင့် တည်ဆောက်ပြီးသော ဟိုတယ်၊ မိုတယ်
များကို ဖျက်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ပုဂံနှင့် ညောင်ဦးမြို့တို့သည် လက်ရှိတွင် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာ ဇုန်
တွင်း ရှိနေပြီး အဆိုပါမြို့များကို အဆိုပြုရှေးဟောင်းဇုန်အတွင်း ထည့်သွင်းပါက မြို့နှစ်မြို့၏ ရပ်တည်မှု
ခိုင်မာခြင်း၊ မြို့သူမြို့သားများ စိုးရိမ်မှုကင်းစွာ နေထိုင်နိုင်ခြင်း၊ တည်ဆောက်ပြီးစီးသွားသော ဟိုတယ်၊
မိုတယ် စီးပွားရေးအဆောက်အအုံများ ဆက်လက်ရပ်တည်ခွင့်ရခြင်းတို့အပြင် SME အသေးစားအလတ်
စား အိမ်တွင်းစီးပွားရေးများကိုလည်း တည်ဆောက်ခွင့် ရရှိမည် ဖြစ်သည်။

လက်ရှိ ပုဂံ ရှေးဟောင်းဇုန်ဧရိယာကို ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် သတ်မှတ်ထားပြီး တစ်ဖက်
ကမ်းရှိ တန့်ကြည်တောင် အပါအဝင် မြစ်အလယ်တွင် ကျွန်းကြီးများ ရှိနေသောကြောင့် ထိုဝန်းကျင်
၌ ဟိုတယ်များ ဖွင့်လှစ်ခြင်း၊ ကွန်ဒိုကြီးများ တည်ဆောက်ခြင်း လုပ်ဆောင်ပါက ပုဂံ၏ မြင်ကွင်းများ
ပျောက်ကွယ်သွားနိုင်ပြီး ဧရာဝတီကို ကာကွယ်ခြင်းနှင့်အတူ ဇုန်ဧရိယာကို တိုးချဲ့ရခြင်း ဖြစ်ကြောင်း
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုသည်။