ရန်ကုန်မြို့တွင်း သီးသန့်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများတွင် မေလ ၂၅ ရက်မှ စတင်၍
စီးတီးဘတ်စ်များဖြင့်သာ ပြေးဆွဲသွားမည် ဖြစ်ပြီး ယခုလအတွင်း ရောက်ရှိလာသော Foton
ယာဉ်များဖြင့် မြို့တွင်း (၅၆) ယာဉ်လိုင်းတွင် စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ပြောကြားခဲ့သည်ကို
ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၂ ရက်က
ဖော်ပြထားသည်။
မြို့တွင်းသီးသန့် ပြေးဆွဲနေသည့် ယာဉ်လိုင်း ၃ လိုင်းဖြစ်သော YBS (၅၆၊ ၅၇၊ ၅၈) ယာဉ်လိုင်း
တို့တွင် မီနီဘတ်စ်များဖြင့် ပြေးဆွဲနေခြင်းကို မေလ ၂၄ ရက် နောက်ဆုံးထားကာ အခြား YBS
ယာဉ်လိုင်းများသို့ ပြောင်းရွှေ့ပြေးဆွဲရန် ယာဉ်လိုင်းများအား ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ စီးတီး
ဘတ်စ် ယာဉ်များဖြင့်သာ အဆိုပါ ယာဉ်လိုင်းများတွင် ဖြည့်စွက်ပြေးဆွဲသွားမည် ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး
ဒေါက်တာမောင်အောင်က ကြေးမုံသတင်းစာနှင့် သီးခြားတွေ့ဆုံစဉ် ပြောကြားခဲ့သည်။
YBS ယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲရန်အတွက် ခရီးသည်တင် ယာဉ်သစ်များကို တရုတ်
နိုင်ငံမှ အစိုးရချင်းချိတ်ဆက်မှုစနစ်ဖြင့် အစီး ၁ဝဝဝ ကို တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ဝယ်
ယူထားရာ မကြာမီရောက်ရှိလာမည် ဖြစ်ပြီး ယာဉ်လိုင်း လိုအပ်ချက်ပေါ် မူတည်၍ ယာဉ်လိုင်း
များတွင် ထည့်သွင်းပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီများက တင်သွင်းလာသည့် ယာဉ်များကိုလည်း YBS ယာဉ်လိုင်း
များတွင် ပြေးဆွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ
ပိုင် အဖွဲ့က ဆိုသည်။





