ဧရာဝတီမြစ်ကြောင်းအတွင်း ကုန်စည်နှင့် ခရီးသည်ပို့ဆောင်ရေးလွယ်ကူချောမွေ့ လျင်မြန်စေရန်
အပြင် ကုန်သေတ္တာနှင့် ကုန်တင်အိတ်များကို စက်ယန္တရားဖြင့် အတင်အချ ပြုလုပ်နိုင်ရေးအတွက်
ဘက်စုံသုံးကွန်တိန်နာရေယာဉ်ကို အသုံးပြုကာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက မေလဒုတိယ
ပတ်တွင် စတင် ပြေးဆွဲနေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
မေလ ၂၂ ရက်က ဖော်ပြထားသည်။
ဘက်စုံသုံးကွန်တိန်နာရေယာဉ်ကို ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT ဆိပ်ခံတံတားမှ ရန်ကုန်
တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ ရွှေမဲဆိပ်ကမ်းသို့ ၂ဝ၁၇ ခုနှစ် မတ်လ ၉ ရက်မှ ဧပြီလ ရ ရက်
အထိ ကုန်သေတ္တာ အလုံး ၄ဝ အသွားအပြန်တင်ကာ စုစုပေါင်းအခေါက်ရေ ၁ဝ ခေါက် စမ်းသပ်
ပြေးဆွဲခဲ့ပြီးနောက် မေလ ၁၃ ရက်မှ စတင်ကာ ကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်းများကို စတင်ခဲ့
ခြင်း ဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းရှိ ကုန်သေတ္တာတင် ဆိပ်ကမ်းများမှာ ရေစူးများပြီး ကုန်တန်ချိန်များသည့် ပင်လယ်
ကူး သင်္ဘောကြီးများအနေဖြင့် ကုန်သေတ္တာများ အတင်အချပြုလုပ်ရန် ဝင်ရောက်နိုင်ခြင်းမရှိသဖြင့်
သီလဝါဆိပ်ကမ်းသို့ ကုန်သေတ္တာတင်မော်တော်ယာဉ်များ သွားရောက်ကြရာတွင် ယာဉ်ကြော
ကျပ်တည်းခြင်း၊ ကုန်သေတ္တာတင် မော်တော်ယာဉ်များ စနစ်တကျ မောင်းနှင်မှုများ မရှိသဖြင့် ယာဉ်
မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်ခြင်းတို့ လျော့ကျသွားနိုင်မည်ဟု ဆိုသည်။
လက်ရှိတွင် ကုန်သေတ္တာများကို မြစ်ကြောင်းမှ သယ်ယူပို့ဆောင်နေပြီဖြစ်၍ ရန်ကုန်မြို့အတွင်း ကုန်
သေတ္တာယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက် လျော့နည်းကျဆင်းစေမည်
ဖြစ်ပြီး ကုန်သေတ္တာပိုင်ရှင်များအနေဖြင့်လည်း ရေကြောင်းမှ သယ်ယူပို့ဆောင်သည့်အတွက် ယခင်
ကထက် ငွေကြေးသက်သာပြီး အချိန်မကြန့်ကြာဘဲ ပိုမိုလျင်မြန်မည့်အပြင် ရန်ကုန်ဆိပ်ကမ်းများ၌သာ
မက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ပြည်တွင်း ကုန်သေတ္တာသယ်ယူပို့ဆောင်သည့် လုပ်ငန်းများ
ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။





