ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်
ဝယ်ယူထားသော ဘတ်စ်ကားသစ်များ ရောက်ရှိလာပါက ရန်ကုန်လေဆိပ်နှင့် ရန်ကုန်မြို့တွင်းသို့
Shuttle Bus ပြေးဆွဲနိုင်ရန် လမ်းကြောင်းရေးဆွဲ စီစဉ်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ
ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၃
ရက်က ဖော်ပြထားသည်။
အစိုးရအစီအစဉ်ဖြင့် ဝယ်ယူထားသော ဘတ်စ်ကားသစ် အစီး ၁၀၀၀ ရောက်ရှိလာပါက YBS ယာဉ်
လိုင်းများတွင် လိုအပ်ချက်အပေါ် မူတည်၍ ထည့်သွင်း ပြေးဆွဲသွားမည့်အပြင် နိုင်ငံတကာမြို့ပြများတွင်
ပြေးဆွဲနေသကဲ့သို့ နိုင်ငံခြားသားဧည့်သည်များ အဓိကဝင်ထွက်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်
ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်မြို့၏ အချက်အချာ ဆူးလေသို့ လွန်းပြန်ယာဉ်ပြေးဆွဲရန် စီစဉ်နေကြောင်း
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ အတွင်းရေးမှူး
ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ ဝယ်ယူထားသော ဘတ်စ်ကားသစ် အစီး ၁၀၀၀ တွင် Yutong ကုမ္ပဏီမှ အစီး ၅၀၀၊
Ankai ကုမ္ပဏီမှ အစီး ၅၀၀ ဝယ်ယူထားခြင်းဖြစ်ပြီး ၂၀၁၇ မော်ဒယ်ထုတ် ကားသစ်များ ဖြစ်သည်ဟု
ဆိုသည်။
တိုင်းဒေသကြီးအစိုးရအနေဖြင့် အစိုးရမှ မတည်ရင်းနှီးငွေ ထည့်ဝင်ကာ PPP စနစ်ဖြင့် ထူထောင်
ထားသည့် အစိုးရ-ပုဂ္ဂလိကကုမ္ပဏီ ဖြစ်သော YBPC ကုမ္ပဏီမှ တစ်ဆင့် အဆိုပါ ဘတ်စ် ကားသစ်
အစီး ၁၀၀၀ ဝယ်ယူရန် အဆိုပါ ကုမ္ပဏီတို့နှင့် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်တွင် စာချုပ် ချုပ်ဆိုခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။





