မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက် အနောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသည့် မိတ္ထီလာမြောက်ကန်
အတွင်း ကြာဖြူပန်း အများအပြား ပွင့်ဖူးနေသည့် ကြာတောနေရာသို့ လာရောက်ကြည့်ရှုသူများဖြင့်
နေ့စဉ် စည်ကားလျက်ရှိကြောင်း မြဝတီသတင်းတစ်ရပ်တွင် မေလ ၂၃ ရက်က ဖော်ပြထားသည်။
မိတ္ထီလာ မြို့ပေါ်ရပ်ကွက်နှင့် တက္ကသိုလ် ကျောင်းသားကျောင်းသူများ အများဆုံး လာရောက်ပြီး ကြာ
တောထဲတွင် လှေစီးရင်း ကြာပန်းခူးကြကြောင်း၊ လှေစီးသူတစ်ယောက်လျှင် ငွေကျပ် ၁ဝဝဝ ကျသင့်ပြီး
ငါးဖမ်းသော လှေသမားများက မိသားစုအသက်မွေးဝမ်းကျောင်းအတွက် အပိုဝင်ငွေရရှိရန် လှေလှော်ပြီး
ကြာတောထဲ ပို့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ယခင်က ကြာပန်းများ ယခုကဲ့သို့ များစွာ ပေါက်ရောက်မှုမရှိကြောင်း၊ ကန်ထဲတွင် ကြာပန်းအနည်းငယ်
ပေါက်ခဲ့သော်လည်း လူသိနည်းခဲ့ကြောင်း ကြာတော၏ အနောက်ဘက်ရှိ ကုလားမကျွန်းကျေးရွာမှ
ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
မိတ္ထီလာမြောက်ကန်အတွင်း ကြာဖြူပန်းပေါက်ရောက်သည့် ကြာတောနေရာသို့ လည်ပတ်သူအများစု
မှာ လူငယ်လူရွယ်များ ဖြစ်ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူ၊ မင်္ဂလာဆောင် အကြို မှတ်တမ်း ဓာတ်ပုံ
ရိုက်ကူးသူ၊ မော်ဒယ် အလှဓာတ်ပုံရိုက်ကူးသူများလည်း လာရောက်ရိုက်ကူးလျက် ရှိသည်ဟု ဆိုသည်။





