ယခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၆) ကြိမ်မြောက် အာရှဒေသဝန်ကြီးအဆင့်
သဘာဝဘေး လျော့ပါးရေး ညီလာခံ၊ ၂၀၁၅ ခုနှစ်၊ မတ်လတွင် ဂျပန်နိုင်ငံ၊ ဆန်ဒိုင်း၌ ကျင်းပမည့်
ယိုဂိုမူဘောင်လုပ်ငန်းစဉ် ဆောင်ရွက်ရေး စသည့် သဘာဝဘေးအန္တရယ်လျော့ပါးရေး
ကမ္ဘာလုံးဆိုင်ရာ ညီလာခံများကို ကျင်းပနိုင်ရေးအတွက် အာဆီယံဒေသတွင်းဝန်ကြီးများနှင့်
(၁၁) ကြိမ်မြောက်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဒေသတွင်း ညှိနှိုင်းမှုကော်မတီ
အစည်းအဝေးကို နေပြည်တော် ရွိုင်ရယ် အေစီအီးဟိုတယ်တွင် ဧပြီလ ၁ ရက်မှ ၃ ရက်နေ့ အထိ
ကျင်းပခဲ့သည်။
"သဘာဝဘေးအန္တရာယ်ဆိုတာ နိုင်ငံတစ် နိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ
ကို အဟန့်အတားဖြစ်စေတဲ့ အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့အတွက် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး
မဟာဗျူဟာလုပ်ငန်းစဉ်တွေ၊ စီမံကိန်းတွေမှာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းစဉ်တွေ
ပေါင်းစပ်ထည့်သွင်းဆောင်ရွက်ဖို့ အလွန် အရေးကြီးပါတယ်"ဟု အမျိုးသားသဘာဝဘေး
ကာကွယ်စောင့် ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အဆိုပါ
အခမ်းအနားတွင် ပြောသည်။
အထက်ပါ ညှိနှိုင်းပွဲ ကျင်းပနိုင်ရေးအတွက် ဂျာမနီနိုင်ငံအစိုးရ (GIZ) နှင့် အာရှဒေသ
သဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေး ဌာန (ADPC)တို့၏ ကူညီထောက်ပံ့ပေးခဲ့သည်။
"ကျွန်မတို့နိုင်ငံအနေနဲ့ သဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့ လျော့ပါးရေး လုပ်ငန်းတွေ
ကို တိုးတက်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် လူ့အသက် ဆုံးရှုံးရမှုတွေကို လျှော့ချနိုင်ခဲ့ပေမယ့်
နိုင်ငံရဲ့စီးပွားရေးနဲ့ အခြားဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်တွေကို အဟန့်အတားဖြစ်စေတဲ့
ထိခိုက်ပျက်စီးမှု တွေ မြင့်တက်လာနေတာကို အားလုံး မျက်မြင်ပဲ' ဖြစ်ပါတယ်" ဟု လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြတ်မြတ်အုန်းခင်က ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်အတွင်း ဘေးအန္တရာယ် အကြိမ် ၃၇၀ ဖြစ်ပွားခဲ့ပြီး သဘာဝဘေး
သင့်သူ ဦးရေ ၂၆၇,၉၅၃ နှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၉၇၅၅ ဒသမ ရ၉ သန်း
ရှိသည်။
မြန်မာနိုင်ငံအပါ အဝင် အာရှပစိဖိတ်ဒေသသည် ၂၀၁၁ ခုနှစ်စာရင်းအရ သဘာဝဘေးအန္တရာယ်
ဖြစ်ပွားကျရောက်မှု အများဆုံးနှင့် ဆိုးကျိုးများကို အများဆုံးကျ ရောက်သည့် ဒေသဖြစ်သည်ဟု
သိရသည်။
၂၀၁၃ ခုနှစ်စာရင်းအရ ကမ္ဘာအနှံ့ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားမှု ၂၉၆ ကြိမ်နှင့် ပျက်စီးဆုံးရှုံးမှု
တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၂ ဘီလျံရှိကြောင်း သိရသည်။
"အာရ်စီစီရဲ ့ရည်ရွယ်ချက်ကတော့ အာရှ ဒေသတွင်းမှာ ဘေးအန္တရာယ် လျှော့ချရေးဆောင်ရွက်မှု
တွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေး တစ်ပါတည်း ဆောင်ရွက်နိုင်ရေးကို ဘောင်ထဲ ကနေထွက်ပြီး
ဆန်းသစ်တဲ့နည်းလမ်းတွေ ရှာဖွေရမှာဖြစ်ပါတယ်။ ဒါမှသာ သဘာဝဘေးအန္တရာယ် လျော့ပါးရေး
ကနေတစ်ဆင့် ကြိုးစားထားတဲ့ ခဲယဉ်းတဲ့၊ ကောင်းမွန်တဲ့ ရလဒ်တွေကို ဆက်လက်ထိန်းသိမ်း
ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒီလိုတစ်သားတည်း ဆောင်ရွက်ရာမှာ ဆွေးနွေးမှုတွေက အရေးပါပါ
တယ်။ ဒီအခါမှာ မတူညီတဲ့ ကဏ္ဍတွေကနေ ရင်းမြစ်တွေကို ပေါင်းစည်းပြီးတဲ့အခါမှာ ခိုင်မာတဲ့
လုပ်ဆောင်မှုတွေ လုပ်ဆောင်တဲ့အခါ မြေပြင်မှာရှိတဲ့ ပြည်သူတွေရဲ့ ဒုက္ခခံနိုင်မှုစွမ်းရည်ကို
မြှင့်တင်ပေးနိုင်မှာလို့ ယုံကြည်ပါတယ်"ဟု ADPC ၏ ဥက္ကဋ္ဌ Dr. Krasae Chanawongse က
ပြောသည်။
မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်
နေ့၌ အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုဥပဒေအပြင် လိုအပ်သည့် နည်းဥပဒေများ ဆက်လက်ထုတ်ပြန်နိုင်ရေးကိုလည်း
ဆောင်ရွက်လျက် ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
၀န်ကြီးဌာနမှ သိရသည်။
















