လယ်ယာမြေများအတွက် တိုင်ကြားစာပို့

လယ်ယာမြေများအတွက် တိုင်ကြားစာပို့

မြို့နယ်အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စ.က.ခ(၆)ဌာနချုပ်တို့က
လယ်ဝေးမြို့နယ် ပြောင်ခေါင်းကြီး၊ သပြေကုန်းအုပ်စုနှင့် သပြေပင်အုပ်စုများမှ သိမ်းဆည်း
ထားသော လယ်ယာမြေ ၄၃၂ ဧကအား တောင်သူလယ်သမားများထံ ပြန်လည် စွန့်လွှတ်မည်
မဟုတ်ဟု ကြေညာခဲ့ခြင်းအတွက် တောင်သူများက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားစာများ
ပို့ထားသည်ဟု သိရသည်။

အဆိုပါ တိုင်ကြားစာများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီချုပ်၊ ဗဟိုမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ
သမ္မတ ဦးဉာဏ်ထွန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ လယ်ဝေးမြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး
ကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
နှင့် ပြောင်ခေါင်းကြီးအုပ်စုရှိ ကျေးရွာအုပ်စုမြေ အသုံးချမှုစီမံခန့်ခွဲရေး ကော်မတီများထံသို့ ဧပြီလ
၂၄ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့သည်။

အဆိုပါ လယ်ယာမြေများနှင့် ပတ်သက်၍ ဧပြီလ ၉ ရက်နေ့က လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူး
ရုံးတွင် အသိပေးရှင်းလင်းမှုပြုလုပ်ခဲ့ရာ အထက်ပါမြေများမှာ ပြည်ထဲရေးဝန်ကြီးဌာန၏
၂၀၁၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၂ ရက် ရက်စွဲပါ အမိန့်ကြေညာစာဖြင့် ပယ်ဖျက်ပြီး သစ်တောမြေ
၂၀၁၃ ဒသမ ရ၉ ဧကအား လုပ်ထုံးလုပ်နည်းနှင့်အညီ ကာကွယ်ရေးဝန်ကြီး ဌာနသို့ အခမဲ့
လွှဲပြောင်းပေးထားသည့် တပ်ပိုင်မြေဖြစ်သည်ဟု စိစစ်တွေ့ရှိရကြောင်း၊ တပ်ပိုင်မြေအတွင်းမှ
လယ်ယာမြေများအား ပြန်လည် လုပ်ကိုင်လိုခြင်းနှင့် စပ်လျဉ်း၍ နေပြည်တော် မြေစာရင်းဦးစီးဌာန
၏ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် ရက်စွဲပါစာအမှတ် ၀၇၁/ အမ"၂ ဖြင့် ကွင်းဆင်းစစ်ဆေး
တင်ပြချက်အရ စ.က. ခ(၆)မှ စွန့်လွှတ်သည့်မြေထဲတွင် ပါ၀င်ခြင်း မရှိကြောင်းနှင့် စ.က.ခ(၆)
ဌာနချုပ် တပ်ခွဲမှူးမှလည်း ပါ၀င်ခြင်းမရှိဟု စိစစ်တွေ့ရှိရသည့်အတွက် တပ်ပိုင်မြေအဖြစ် ခိုင်မာမှု
ရှိသဖြင့် ပြန်လည်စွန့် လွှတ်ရန်မရှိဟု ရှင်းလင်းခဲ့သည်။

ထိုသို့ ရှင်းလင်းချက်သည် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအရ ရှင်းလင်း
တင်ပြခြင်းဖြစ်သည်ဟု လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှချောင်က ဧပြီလ ၂၈ ရက်နေ့တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒါက စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကိုပဲ ရှင်းလင်းတာပါ။ မြေပိုင်ဆိုင်မှု သဘောထား
ကို တောင်သူကို လုပ်ငန်းသဘောအရ ပြန်ရှင်းပြတာပဲ ရှိတယ်။ ကျွန်တော်တို့ ရှေ့ မှာလည်း
သဘောမတူဘူးလို့ ပြောကြပါတယ်။ သူတို့ဆန္ဒကိုတော့ ချုပ်ချယ်တာတော့ မရှိပါဘူး။ ပိုင်ဆိုင်မှု
ဆိုတာကတော့ သူတို့အချင်းချင်းပဲ ဖြေရှင်းကြပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့ ကိုယ်တိုင်
တပ်မြေတွေနဲ့ ပတ်သက်တဲ့ ကိစ္စအပေါ် ပါ၀င်ဆောင်ရွက်ခွင့်မရှိပါဘူး"ဟု ၎င်းက ပြောသည်။

"သူတို့က တပ်ပိုင်မြေလို့သာ ပြောနေတာ၊ အခု သိမ်းထားတဲ့ ၄၃၂ ဧကက တပ်နဲ့ တစ်မိုင်လောက်
အကွာအဝေးမှာ ရှိတယ်"ဟု ပြောင်ခေါင်းကြီးအုပ်စု၊ ကြို့စလုပ်ကျေးရွာမှ ကိုမြကြိုင် က
ပြောသည်။

ထို့ကြောင့် လယ်ယာမြေများ သိမ်းဆည်းခံရသူ ၉၇ ဦးအနက် ၅၇ ဦးက လက်မှတ်ထိုး တိုင်ကြားခဲ့
ကြခြင်းဖြစ်သည်။

ပြန်လည်စွန့်လွှတ်မြေမဟုတ်ဟု ကြေညာပြောကြားလိုက်ခြင်းမှာ ပြန်လည်ပေးမည် မဟုတ်ဟု
ပြောကြားခြင်းနှင့် အတူတူပင်ဖြစ်သည့်အတွက် ထွန်တုံးတိုက်ပွဲလုပ်ရန် သက်ဆိုင်ရာဌာနများသို့
ခွင့်ပြုချက်တောင်းခံ သွားမည်ဟု တောင်သူများက ပြောသည်။

"ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ စာတင်ခွင့်ပြုချက်တောင်းမယ်၊ မေလ
၅ ရက်နေ့မှာ ထွန်တုံးတိုက်ပွဲလုပ်မယ်၊ ခွင့်ပြုချက် ကျကျ၊ မကျကျ လုပ်မယ်၊ လုပ်တဲ့ အချိန်မှာ
တားဆီးရင်လည်း လုပ်စရာရှိတာ လုပ်မယ်၊ တရားစွဲလည်း ဥပဒေအတိုင်း ရင်ဆိုင်သွားမယ်"ဟု
ကြို့စလုပ်ကျေးရွာမှ လယ်ယာမြေ အသိမ်းဆည်းခံ တောင်သူတစ်ဦးဖြစ်သူ ကိုနေလင်းအောင်က
ပြောသည်။

လယ်ဝေးမြို့နယ်အတွင်း စ.က.ခ(၆)ဌာန ချုပ်အပြင် အမှတ်(၄၁၃)နှင့် (၄၁၄) တပ်ရင်းများက
၂၀၀၅ ခုနှစ်မှ စတင်၍ တပ်သစ် တည်ဆောက်ရန် မြေများ သိမ်းဆည်းထားခဲ့ပြီး တည်ဆောက်မှုမှ
လွတ်ကင်းသည့် ကျန်မြေများကို ပြန်မပေးသည့်အတွက် ၂၀၁၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့ကလည်း
တောင်သူများက ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ဖူးသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး