ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ လာရောက်မည်

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ လာရောက်မည်

ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟွန်ဂျွန်လီဘီးရှော့သည် နိုဝင်ဘာလအတွင်း
နေပြည်တော်၌ ကျင်းပမည့် အာဆီယံ - ဩစတြေးလျ နှစ် ၄၀ ပြည့် အထိမ်းအမှတ်အခမ်းအနား
သို့ တက်ရောက်ရန်လာရောက်မည်ဖြစ်ပြီး အာဆီယံဒေသတွင်း စီးပွားရေးပူးပေါင်းမှု ဆိုင်ရာ
ကိစ္စရပ်များကို ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

"ကျွန်မတို့အနေနဲ့ အာဆီယံဒေသတွင်း ရှိထားပြီးဖြစ်တဲ့ အပြန်အလှန်ကုန်သွယ်မှုကို နှစ်ဆ
တိုးမြှင့်နိုင်ဖို့၊ ခိုင်မာတဲ့ စီးပွားရေးချိတ်ဆက်မှုတွေ ပိုမိုတိုးမြှင့်နိုင်ဖို့အတွက်ဒေသတွင်း စီးပွားရေး
လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဖို့ဆန္ဒ ရှိပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီး မစ္စဟွန်ဂျွန် လီဘီးရှော့က
ပြောသည်။

လက်ရှိ ဩစတြေးလျ အစိုးရသည် စီပွားရေး သံခင်းတမန်ခင်း မူဝါဒကို ချမှတ်ခဲ့ပြီး ဒေသတွင်း
အကျိုးအမြတ်ဖြစ်ထွန်းသည့် ရင်းနှီးမြှုပ်နှံ ပူးပေါင်းရန်နှင့် ကုန်သွယ်မှု ပိုမိုးတိုးမြှင့်ရန်
ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း၊ အစဉ်အလာမူဝါဒသည် တည်ငြိမ်အေးချမ်းရေးကို
ရည်ရွယ်ခဲ့ပြီး ယခု မူဝါဒသစ်သည် ကြွယ်ဝခြင်းကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် အာဆီယံဒေသတွင်းရှိ လူငယ်များအတွက် ဩစတြေးလျရှိ တက္ကသိုလ်များသို့
ပညာသင်ဆု လျှေက်ထားတက်ရောက်နိုင်မည့် ကိုလံဘိုစီမံကိန်းသစ်(New Colombo) စီမံကိန်း
ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။

၎င်းသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအာလုံးသို့ သွားရောက်ရန် အစီအစဉ် ရှိပြီး
အာဆီယံနိုင်ငံအားလုံးဖြင့် စီးပွားရေး၊ ပညာရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ
ချိတ်ဆက်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုဝင်ဘာလအတွင်း လာရောက်ခြင်းမတိုင်မီ အခြားသော အာဆီယံနိုင်ငံများသို့
သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

"ကျွန်မတို့အနေနဲ့ အာဆီယံ - ဩစတြေးလျ နှစ်နိုင်ငံကြား စစ်မှန်တဲ့ မိတ်ဖက်တွေအဖြစ် ပူးပေါင်း
ဆောင်ရွက်ခြင်း၊ ပူးတွဲဆောင်ရွက်ခြင်းတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။
ဒါကြောင့်လည်း အာဆီယံနိုင်ငံတွေကို ခြေဆန့်ဖို့ ကျွန်မတို့ အစီအစဉ် ရှိခဲ့တာဖြစ်ပါတယ်"ဟု
မစ္စဟွန်ဂျွန်လီဘီးရှော့ က မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။

နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် အာဆီယံ - ဩစတြေးလျ နှစ် ၄၀ ပြည့်
အထိမ်းအမှတ် အခမ်းအနားတွင် အာဆီယံ - ဩစတြေးလျ ပိုမိုကျယ်ပြန့်သည့် မိတ်ဖက်ပြုခြင်း
(၂၀၁၄ - ၂၀၁၈ ) ပူးတွဲကြေညာချက်အကောင် အထည်ဖော်ရန် လုပ်ဆောင်ချက် စီမံကိန်းသစ်
ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်သွားရန်ရှိကြောင်း မြန်မာနိုင်ငံအာဆီယံရေးရာဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး