လာမည့် ၂၀၁၅ - ၁၆ ပညာသင်နှစ်တွင် ဘက်စုံထူးချွန် လူငယ်များကို တက္ကသိုလ်အဆင့်အထိ
တိုးမြှင့်ရွေးချယ်သွားမည်ဟု ပညာရေးဝန်ကြီး ဌာန၊ အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ဧပြီလ ၂၈ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။
"နောင်ဆိုရင် အဆင့်မြင့်ပညာကဏ္ဍဖြစ်တဲ့ တက္ကသိုလ်အဆင့်အထိ ရွေးတော့မှာ၊ နှစ်စဉ်
ထူးချွန်တဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့အတွက် အခုလို တိုးမြှင့်လိုက်တာပါ"ဟု ၎င်းက
ပြောသည်။
ရွေးချယ်မည့် ပုံစံများကို ပညာရေးဝန်ကြီး ဌာနက ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ပြီးမှ
သတ်မှတ်သွားမည်ဖြစ်သည်။
လက်ရှိတွင် အခြေခံပညာကဏ္ဍ အဆင့်ဖြစ်သည့် အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းတို့တွင်သာ
ဘက်စုံထူးချွန် လူငယ်ရွေးချယ်မှုများ ပြုလုပ်လျက်ရှိသည်။
ဘက်စုံထူးချွန်လူငယ်များ ရွေးချယ်ရာတွင် သက်ဆိုင်ရာပြည်နယ်များရှိ ခရိုင်များမှ မြို့နယ်အနည်း၊
အများပေါ်မူတည်၍ လူဦးရေ မည်မျှကွဲပြားသည်ဖြစ်စေ ကျား၊ မ ညီတူ ညီမျှ ရွေးချယ်ရသည်ဟု
သိရသည်။
ကျောင်းသား၊ ကျောင်းသူများက ရေးဖြေ၊ နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မှုများဖြင့် ယှဉ်ပြိုင်ကာ
အရွေးချယ်ခံကြရသည်။
ဘက်စုံ ထူးချွန်လူငယ် ရွေးချယ်မှုနှင့် အတူ ဘက်စုံထူးချွန် အပန်းဖြေစခန်းများကိုလည်း ပုဂံ၊
အင်းလေးနှင့် ငွေဆောင်တို့တွင် ၂၀၁၃ ခုနှစ်၊ ဧပြီလက စတင် ဖွင့်လှစ်ခဲ့သည်။
"အခုလောလောဆယ်တော့ ဘက်စုံထူးချွန် အပန်းဖြေစခန်း သုံးခုရှိပါတယ်။ တိုးချဲ့ဖို့ကတော့
သမ္မတကြီးရဲ့ လမ်းညွှန်မှုအတိုင်း လုပ်နေတာဆိုတော့ မသိရသေးပါဘူး။ အဆင်ပြေတဲ့အခါ
တိုးချဲ့ပြောင်းလဲဖို့ အစီအစဉ်တော့ရှိပါတယ်။ ပြောင်းလဲသင့်၊ မသင့်စဉ်းစားနေတာ" ဟု ဦးမြင့်ဇော်
က ပြောသည်။
မေလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် နေပြည်တော်ရှိ ထူးချွန်လူငယ်စုပေါင်းစခန်းတွင် အခြေပြု၍
ဘက်စုံထူးချွန်လူငယ်များ တွေ့ဆုံပွဲနှင့် လေ့လာရေးခရီး လည်ပတ်ခြင်းများ ပြုလုပ်သွားမည်
ဖြစ်သည်။
နေပြည်တော်သို့ လာရောက်မည့် ဘက်စုံ ထူးချွန်လူငယ်များမှာ အဖွဲ့သုံးဖွဲ့ရှိပြီး ဘက်စုံ
ပညာထူးချွန် ကျောင်းသား ၅၂၅ ဦး၊ ထူးချွန်ကြက်ခြေနီလူငယ် ၁၄၆ ဦးနှင့် ကင်းထောက်
မောင်မယ် ၄၉၀ ဦး၊ စုစုပေါင်း ၁,၁၆၁ ဦးပါ၀င်ကြသည်။
ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲ၌မူ ထူးချွန်ကြက်ခြေနီလူငယ်များ မပါ၀င်ခဲ့ကြောင်း
သိရသည်။
ယခုနှစ်တွင် ပညာရေးနှင့် ခရိုင်ဖွဲ့စည်းပုံ တိုးလာသည့်အတွက် ထူးချွန်လူငယ်များလည်း
တိုးလာသည်ဟု ဦးမြင့်ဇော်က ပြောသည်။
"ဒီနှစ် ပညာရေးခရိုင်နဲ့ အုပ်ချုပ်မှုခရိုင်နည်း နည်းတိုးလာတယ်။ ကချင်ပြည်နယ်မှာ ပူတာအို ခရိုင်၊
နေပြည်တော်ကောင်စီနယ်မြေမှာဆိုရင် ဥတ္တရသီရိခရိုင်၊ ဒက္ခိဏသီရိခရိုင်နဲ့ လွိုင်ကော် မှာဆိုရင်
ဘော်လခဲခရိုင် စတာတွေပေါ့။ ခရိုင် တိုးလာတော့ ထူးချွန်လူငယ်တွေလည်း တိုးလာတယ်"ဟု
၎င်းက ပြောသည်။
နေပြည်တော်သို့ မလာမီ ဘက်စုံပညာထူးချွန် စခန်းများကို ငွေဆောင်၊ အင်းလေးနှင့် ပုဂံတို့တွင်
ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက်နေ့အထိ လည်းကောင်း၊ ထူးချွန်ကြက်ခြေနီလူငယ်များ အတွက်
စခန်းသွင်းလေ့ကျင့်ခြင်း၊ ပြိုင်ပွဲကျင်းပခြင်း၊ ရွေးချယ်ခြင်းနှင့် လေ့လာရေးခရီးစဉ်များကို
ရန်ကုန်မြို့ရှိ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ဘုရင့်နောင်)တွင် ဧပြီလ ၂၃ ရက်မှ
မေလ ၁ ရက်နေ့အထိ လည်းကောင်း၊ ကင်းထောက် မောင်မယ်များတွေ့ဆုံပွဲကို ပြင်ဦးလွင်စခန်း၌
ဧပြီ ၂၈ ရက်မှ မေ ၂ ရက်နေ့အထိလည်းကောင်း ဖွင့်လှစ်ခဲ့သည်။
နေပြည်တော်သို့ တွေ့ဆုံပွဲ၊ လေ့လာရေးခရီး များလာရောက်ကြမည့် ဘက်စုံထူးချွန် လူငယ်များ
အတွက် ပြီးခဲ့သည့်နှစ်က ဥပ္ပါတသန္တိ စေတီတော်နှင့် လွှတ်တော်တို့ကိုသာလေ့လာခဲ့ကြရ
သော်လည်း ယခုနှစ်တွင်မူ အမျိုးသား အထိမ်းအမှတ်ဥယျဉ်၊ စစ်သမိုင်းပြတိုက်နှင့် ၀ဏ္ဏသိဒ္ဓိ
အားကစားကွင်းများကို လေ့လာခွင့်ရမည်ဖြစ်သည်။
ဘက်စုံထူးချွန်လူငယ်များသည် နိုင်ငံတော် သမ္မတကချီးမြှင့်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ
အခမ်းအနားကိုလည်း တက်ရောက်ကြရမည်ဖြစ်ပြီး ဆုရရှိသူများနှင့်လည်း တွေ့ဆုံရမည်
ဖြစ်သည်။
ထို့နောက် သမ္မတအိမ်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား သွားရောက် ဂါရဝပြုကြရမည်
ဟု သိရသည်။
ဘက်စုံထူးချွန်လူငယ်များအား တွေ့ဆုံပွဲနှင့် လေ့လာရေးခရီးများပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ
သက်ဆိုင်ရာ ထူးချွန်လူငယ်အပန်းဖြေ စခန်းများတွင် အပန်းဖြေခဲ့မှုအတွေ့အကြံုများကို
ဖလှယ်ရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားထူးချွန်လူငယ်များအကြား
ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်ရည်ရွယ်ရင်း ဖြစ်သည်ဟု ဦးမြင့်ဇော်က ပြောသည်။
















