အခွန်ဘဏ္ဍာ တာဝန်ထူးချွန်ဆုအတွက် နိုင်ငံစွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည့် ရွှေတောင်ဖွံ့ဖြိုးမှု
ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဇော်နိုင်က အခွန်တိမ်းရှောင်နေသည့်
လုပ်ငန်းရှင်များ အခွန်ပေးဆောင်ကြပါရန် တိုက်တွန်းကြောင်း ပြောသည်။
ရွှေတောင်အုပ်စုသည် ၂၀၁၂ ခုနှစ် အခွန်စည်းကြပ်နှစ်အတွက် ၀င်ငွေခွန် ကျပ်သန်း ၃,၉၃၂ ဒသမ
၉ ကျော်ပေးဆောင်ခဲ့ပြီး နိုင်ငံစွမ်းဆောင်ရည်ဆု ရရှိခဲ့သည်။
၂၀၁၃ - ၁၄ အခွန်စည်းကြပ်နှစ်အတွက်လည်း ကျပ် ရှစ်ဘီလျံကျော်ကို ပေးဆောင်မည်ဖြစ်ပြီး
လက်ရှိ အချိန်ထိ ကျပ် ငါးဘီလျံကျော် ပေးဆောင်ပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။
"အခွန်ရှောင်နေသူတွေကိုလည်း အခွန်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ အစိုးရပိုင်း အနေနဲ့လည်း
အခွန်ပေးဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ နိုင်ငံသားတွေ
ကလည်း အခွန်ပေးဆောင်ခြင်းကို မသိလို့ မရပါဘူး။ အခြေခံဥပဒေမှာလည်း နိုင်ငံသားတိုင်း
အခွန်ပေးဆောင်ရမယ်လို့ ပါပါတယ်။ ဥပဒေကို မသိလို့လည်း မရပါဘူး လူတိုင်းကတော့ အခြေခံ
ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု ဦးအောင်ဇော်နိုင်က ပြောသည်။
၂၀၁၂ ခုနှစ်အတွက် အခွန်ဘဏ္ဍာအများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့်လုပ်ငန်းရှင်ဆု ဒုတိယကို
၀င်ငွေခွန် ကျပ်သန်း ၄,၇၅၅ ပေးသွင်းခဲ့သည့် အေစီအီး ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်က
ရရှိခဲ့ပြီး တတိယဆုရရှိသည့် မက်စ်မြန်မာကုမ္ပဏီလီမိတက်က ၀င်ငွေခွန်ကျပ် သန်း ၂,၆၇၇ သန်း
ပေးဆောင်ခဲ့သည်။
ကမ္ဘောဇဘဏ်လီမိတက်ကလည်း ၂၀၁၂ ခုနှစ်က နိုင်ငံတော်သို့ အခွန်ဘဏ္ဍာတာဝန်များကို
အများဆုံးပေးဆောင်ခြင်း၊ နိုင်ငံတော်အကျိုးပြုလုပ်ငန်းများ အများဆုံးဆောင်ရွက်ခဲ့ခြင်းတို့ကြောင့်
နိုင်ငံစွမ်းဆောင်ရည်ဆုများကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် အတွက်လည်း အခွန်ဘဏ္ဍာအများဆုံး
ပေးဆောင်သည့်အတွက် နိုင်ငံစွမ်းဆောင်ရည်ဆုကို ထပ်မံရရှိခဲ့သည်။
"နိုင်ငံမှာ ထိပ်တန်းကုမ္ပဏီကြီးတွေ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေကြားထဲမှာ ပထမ အဆင့်
ရဖို့ဆိုတာ မလွယ်ကူပါဘူး။ အတော်ကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။ ပထမအကြိမ်မှာ
နိုင်ငံတော်အခွန်ဘဏ္ဍာအများဆုံး ပေးဆောင်သူဆုရရှိလို့ ၀မ်းသာခဲ့ပါတယ်။ ဒီနှစ်လည်း ထပ်မံ
ရရှိခဲ့လို့ အထူးဂုဏ်ယူမိပါတယ်" ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ပြောသည်။
ကမ္ဘောဇဘဏ်လီမိတက်သည် ၂၀၁၂ အခွန်စည်းကြပ်နှစ်အတွက် ကျပ်သန်း ၆,၀၁၅ သန်းကျော်
ပေးဆောင်ခဲ့သည့်အတွက် နိုင်ငံစွမ်းဆောင်ရည်ဆုကို ရရှိခဲ့ပြီး ၂၀၁၃ အခွန်စည်းကြပ်နှစ်အတွက်
ကျပ်သန်း ၁၀,၈၂၇ ကို ပေးဆောင်ခဲ့သည့်အတွက် ယခုနှစ်အတွက် အထူး ဂုဏ်ဆောင်
နိုင်ငံစွမ်းဆောင်ရည်ဆုကို ထပ်မံ ရရှိခဲ့သည်။
ကမ္ဘောဇဘဏ်လီမိတက်အနေဖြင့် သက်ဆိုင်ရာ အခွန်စည်းကြပ်နှစ်များတွင် ၂၀၁၅ ခုနှစ်အထိ
အခွန်ကြိုတင် ပေးသွင်းဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ၂၀၁၆ အခွန်စည်းကြပ်နှစ်အတွက်ပါ
အခွန်တော်ငွေပေးသွင်းရန်လျာထားပြီးဖြစ်သည်ဟု မီဒီယာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
















