နိုင်ငံတော်ဧည့်ဂေဟာဟိုတယ်များ ဈေးကွက်ကို ဦးဆောင်နေ

နိုင်ငံတော်ဧည့်ဂေဟာဟိုတယ်များ ဈေးကွက်ကို ဦးဆောင်နေ

အာဆီယံ အစည်းအဝေးပွဲများအတွက် ရည်ရွယ် ဆောက်လုပ်ခဲ့သည့် နိုင်ငံတော်ဧည့်ဂေဟာ
ဟိုတယ်များသည် လက်ရှိနေပြည်တော်ဟိုတယ် ဈေးကွက်တွင် ဦးဆောင်လျက်ရှိကြောင်း
သိရသည်။

နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲများ၊ အာဆီယံပွဲများကို ဦးတည်ဖွင့်လှစ်ခဲ့သည့် ထိုအဆင့်မြင့်
ဟိုတယ်များသည် ၀န်ကြီးဌာနများ၏ ထောက်ခံချက်များကြောင့် တွေ့ဆုံ ဆွေးနွေးပွဲများစွာ
လက်ခံရရှိထားကာ နေပြည်တော်ဟိုတယ်ဇုန်ဈေးကွက်ကို လပိုင်းအနည်းငယ်အတွင်း ဦးဆောင်နိုင်
သည့် အနေအထားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် နိုင်ငံတော် ဧည့်ဂေဟာရှိ အဆင့်မြင့်ဟိုတယ် ၁၀ လုံးအပြီးသတ်
ဖွင့်လှစ်ပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ တိုက်တွန်းချက်များကြောင့်
ဟိုတယ်ကြီးများကို အမြန် လက်စသတ် ဖွင့်လှစ်ခဲ့ကြသည်။

"အားလုံးပြီးတဲ့အဆင့်တော့ မရောက်သေးဘူး။ ဖွင့်ပေးပါဆိုလို့သာ ဖွင့်လိုက်ပါတယ်။ ဒီအထဲမှာ
ရင်းနှီးမြှုပ်နှံထားရတာတွေကလည်း မနည်းပါဘူး။ အခက်အခဲတော့ တော်တော်ကြံုခဲ့ရတယ်"ဟု
ဟိုတယ်ဖွင့်လှစ်ခွင့်ရ ကုမ္ပဏီတစ်ခု၏ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးက မြန်မာတိုင်း(မ်) ကို
ပြောသည်။

နေပြည်တော်တွင် ၂၀၁၂ နှစ်ကုန်ပိုင်းအထိ ဟိုတယ်ဇုန်(၁၊ ၂)အပါအဝင် ဟိုတယ်အလုံးရေ
၄၀ ကျော် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခုအခါဧည့်ဂေဟာရှိ အဆင့်မြင့်ဟိုတယ် ၁၀ လုံး အပါအဝင်
ဟိုတယ်အလုံးရေ ၈၀ ကျော်ဖြစ်လာခဲ့သည်။

"ရေရှည်တော့ ကောင်းလာမယ်လို့ ယူဆပါတယ်။ အစပိုင်းမှာတော့ တော်တော်လေးကြိုးစား
ရပါမယ်။ ဟိုတယ်တစ်ခုအနေနဲ့ဆောက်ပြီး ဖွင့်လှစ်ခဲ့တဲ့အတွက် ရင်းမြစ်အနေနဲ့ကတော့
အလဟဿမဖြစ်ပါဘူး။ နိုင်ငံ့ခေါင်းဆောင်တွေ လာမှ တည်းရတယ်လည်း မဟုတ်ပါဘူး။ အပြင်
ဟိုတယ် တစ်ခုအနေနဲ့လည်း လာတည်းလို့ ရတဲ့အတွက် ဆုံးရှုံးမှုတော့ မရှိပါဘူး။ စီးပွားရေး
လုပ်ငန်းရှင်တွေလည်း တွေ့ဆုံဆွေးနွေးပွဲတွေ လာလုပ်လို့ရပါတယ်။ စီးပွားရေးမြို့တော် မဟုတ်တဲ့
အတွက် အရမ်းတော့ မျှော်မှန်းလို့ မရပါဘူး။ ရေရှည်အတွက်ပါပဲ"ဟု ရွှေတောင် ဆောက်လုပ်ရေး
ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ဇော်နိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ရွှေတောင်ဆောက်လုပ်ရေးသည် နိုင်ငံတော် ဧည့်ဂေဟာတွင် ဂျန်းရှင်းဟိုတယ်နှင့် ဟိုတယ်ဇုန်(၁)
တွင် ဂျန်းရှင်းဟိုတယ်တို့ကို ဖွင့်လှစ်ထားသည်။

နိုင်ငံတကာအဆင့် တွေ့ဆုံပွဲများကို ဦးတည်ထားသည့်အတွက် နိုင်ငံတော်ဧည့်ဂေဟာရှိ
အဆင့်မြင့်ဟိုတယ်များ၏ ၀န်ဆောင်မှုများ၊ အခင်းအကျင်းများကို နေပြည်တော်ဟိုတယ် ဇုန်(၁)
နှင့် (၂)တို့ထက် သာလွန်ကောင်းမွန်အောင် ဆောက်လုပ်ဖွဲ့စည်းခဲ့သည်။

သို့သော်လည်း ယခုအခါ တည်းခိုခဈေးနှုန်းများကို ဟိုတယ်ဇုန်ဈေးနှုန်းနှင့် တန်းတူလျှော့ချထား
သည့်အတွက် ဟိုတယ်ဇုန်အသိုင်းအဝိုင်းတွင်လည်း အနည်းငယ် မကျေမလည်ဖြစ်ပွားလျက်
ရှိသည်။

"၀န်ကြီးဌာနတချို့ရဲ့ ထောက်ခံချက်ကြောင့် ကျွန်တော်တို့ဇုန်ဘက်မှာ ပွဲတွေတော်တော်
နည်းသွားတယ်။ ၀န်ကြီးဌာနအနေနဲ့ ဧည့်သည်တွေကို လွတ်လွတ်လပ်လပ် တည်းခိုခွင့်ပေးစေချင်
တယ်။ ဧည့်ဂေဟာရဲ့ စတင်ဖွဲ့စည်းပုံက နိုင်ငံတော်အဆင့်နဲ့လာတာ။ ခုကပြောင်းသွားတယ်။ ဌာနနဲ့
လက်သင့်တဲ့ဟိုတယ်ကို ထောက်ခံပေးတာတွေဖြစ်လာတယ်။ ကျန်တဲ့ဇုန်က ဟိုတယ်တွေက
ဘာလုပ်ရမှာလဲ။ ငုတ်တုတ်ထိုင် နေရတယ်။ ဒီထက်ဈေးလျှော့ဆိုလည်း စည်ပင်ဧည့်ရိပ်သာဈေး
အဆင့်ပဲ ရှိတော့တယ်"ဟု ဟိုတယ်ဇုန်(၁)မှ ဟိုတယ်တစ်ခု၏ အထွေထွေမန်နေဂျာတစ်ဦးက
ပြောသည်။

"နေပြည်တော် ဟိုတယ်ဇုန်ဈေးကွက်မှာဆို ဧည့်ဂေဟာဘက်က ဟိုတယ်တွေက အလားအလာ
အရမ်းကောင်းနေပါတယ်။ ဧည့်သည်ဆိုတာက ဈေးနှုန်းအတူတူ ဖြစ်နေတဲ့ ဟိုတယ်တွေမှာ
ပိုကောင်းတဲ့ ဟိုတယ်ကိုပဲ ရွေးမှာပဲ"ဟု ၎င်းက ပြောသည်။

နိုင်ငံတော်ဧည့်ဂေဟာတွင်း ဆောက်လုပ်ခွင့်ရ ဟိုတယ်အုပ်စုကြီးများမှာ မက်စ်မြန်မာ၊
အေးရှားအိပ််စ်ပရက်၊ ရွှေတောင်၊ ထူး၊ အေးရှား ဝေါလ်၊ ကမ္ဘောဇ၊ ဧဒင်၊ အိုင်ဂျီအီး၊ အော်ရင်ဂျင်နယ်
နှင့် အေစီအီးတို့ဖြစ်ပြီး ထိုကုမ္ပဏီကြီးများသည် ဟိုတယ်ဇုန်များတွင်လည်း ဟိုတယ်အသီးသီး
ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး