မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေးနှင့် လူမှုရေးအရတည်ငြိမ်မှုကို ဦးစွာ
ထိန်းသိမ်းရန် လိုအပ်သည်ဟု ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က
မေလ ၁၀ ရက် နေ့က အာဆီယံအစည်းအဝေး ကျင်းပနေစဉ်အတွင်း သတင်းထောက်များကို
ပြောသည်။
"လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်လောက်က ထုတ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာမှာလည်း
မြန်မာနိုင်ငံရဲ့ ဂျီဒီပီ(စုစုပေါင်းပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး) တိုးတက်မှုနှုန်းက
ခုနစ်ရာခိုင်နှုန်း အထက်မှာရှိတယ်လို့တော့ သူတို့ကမှန်းထားတယ်၊ ဒါကတော့ ဖြစ်နိုင်ခြေပေါ့၊
တစ်ဖက်ကလည်း အဲဒီလိုဖြစ်ဖို့ ဆိုတာက ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ၊ လူမှုရေးအရ
တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းဖို့ လိုတယ်။ တည်ငြိမ်မှု မရှိဘူးဆိုရင် ကျွန်တော်တို့ မျှော်မှန်းတဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ရမှာမဟုတ်ဘူး"ဟု ၎င်းက ပြောသည်။
နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုရှိစေရန် အစိုးရ(သို့မဟုတ်) လွှတ်တော်တစ်ခုတည်းဖြင့်
လုပ်ဆောင်၍ မရနိုင်ကြောင်း ဦးရဲထွဋ်က ပြောသည်။
"ကျွန်တော်တို့ရဲ့ နိုင်ငံရေးကဏ္ဍအသီးသီးမှာရှိတဲ့ လူတွေနဲ့ ပြည်သူတွေအားလုံးက ပါ၀င်
ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတကာက မျှော်လင့်နေတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို
ဖော်ဆောင်နိုင်မှာပါ"ဟု ၎င်းက ပြောသည်။
ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သည့် ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း
ဆောင်ရွက်ရေး ဖိုရမ်တွင်လည်း ဂျီဒီပီ (စုစုပေါင်း ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး)
ကို ၉ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးရန် ဆောင်ရွက်သွားမည်ဟု သမ္မတ ဦးသိန်းစိန်က
ပြောကြားခဲ့ပြီး နိုင်ငံ၏ ဘတ်ဂျက်လိုငွေ ၂ ဒသမ ရ သန်းကို ဂျီဒီပီ၏ ငါးရာခိုင်နှုန်းအထက်
မရောက်စေရန် ထိန်းသွားမည်ဟုလည်း အစိုးရက ထုတ်ပြန်ထားသည်။
စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမည့် အခြေအနေကောင်းများဖြစ်သည့် ငွေကြေးလဲလှယ်သည့်
နှုန်းထားများ ပြင်ဆင်ခြင်း၊ လွပ်လပ်သည့် ဗဟိုဘဏ်တစ်ခု ပေါ်လာစေရန် ပြုလုပ်ပေးခြင်း၊
ကုန်သွယ်မှုစည်းမျဉ်းများ၊ အခွန်စနစ်များဖြေ လျှော့ပေးခြင်းနှင့် နိုင်ငံတကာအဆင့်မီသည့်
ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပေါ်ပေါက်လာစေရန် ပြုလုပ်ပေးခြင်းတို့ကို လွန်ခဲ့သည့် သုံးနှစ်က
ဆောင်ရွက်ခဲ့သည်။
၂၀၁၄ - ၁၅ ခုနှစ်တွင် မြန်မာ့စီးပွားရေးပိုမို ကောင်းမွန်လာရန် မျှော်လင့်ထားသည်ဟုလည်း
၎င်းက ဆိုသည်။
















