ရွှေ့ပြောင်းအလုပ်သမားများအရေး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံ သဘောတူ

ရွှေ့ပြောင်းအလုပ်သမားများအရေး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံ သဘောတူ

အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ) နိုင်ငံများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ
အတွက် ကျွမ်းကျင်မှု၊ ဥပဒေနှင့် ခံစားခွင့် များအတွက် အပြည့်အဝ ပူပေါင်းဆောင်ရွက်သွားကြရန်
ပြီးခဲ့သည့် ရက်သတ္တပတ်က နေပြည်တော်၌ ကျင်းပခဲ့သော အဆင့်မြင့် အလုပ်သမား
အရာရှိကြီးများ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြသည်။

"အာဆီယံနိုင်ငံအသီးသီးမှာ ရွှေ့ပြောင်းအလုပ်သမားတွေရှိကြတယ်၊ ၂၀၁၅ ခုနှစ်မှာ အာဆီယံ
အသိုက်အဝန်းဒေသဖြစ်လာတဲ့အခါမှာ အလုပ်သမားတွေနဲ့ ကုန်ပစ္စည်းတွေကို အာဆီယံနိုင်ငံတွေ
အတွင်းမှာ လွတ်လွတ်လပ်လပ် ကူးလူးဆက်သွယ်ကြမှာဖြစ်တဲ့အတွက် သူတို့ဆီက
အလုပ်သမားတွေလည်း မြန်မာနိုင်ငံမှာ လာအလုပ်လုပ်ကိုင်နေသလို မြန်မာနိုင်ငံက
အလုပ်သမားတွေလည်း အာရှ ၁၀ နိုင်ငံမှာ သွား အလုပ်လုပ်ကိုင်နေတယ်၊ အဲဒီအခါမှာ
ဘာလိုလဲဆိုတော့ အာဆီယံ နိုင်ငံအားလုံး ဒီအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုစံနှုန်းကို တစ်ပြေးညီ
သတ်မှတ်ပြီးတော့ ဒီစံနှုန်းအတိုင်း၊ ဒီသင်ရိုး မာတိကာအတိုင်း သင်ထားလေ့ကျင့်ထားတဲ့
အလုပ်သမားတွေကို တစ်ပြေးညီ အသိအမှတ်ပြုရမယ်၊ ဒီလုပ်ငန်းတွေ အားလုံးကို ပူးပေါင်း
ဆောင်ရွက်ပါ့မယ်လို့ ပဏာမညှိနှိုင်းဆွေးနွေးမှု တွေလုပ်ခဲ့တယ်"ဟု အလုပ်သမား၊ အလုပ်အကိုင်
နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်က မေ ၂၂ ရက်နေ့က ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ထိုအစည်းအဝေးတွင် အာဆီယံဒေသတွင်းရှိ အလုပ်သမားများ၏ ကျွမ်းကျင်မှုစံနှုန်းကို
တစ်ပြေးညီဖြစ်စေရန်၊ မိမိနိုင်ငံမှ အခြားသော အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသော
ရွှေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်သည့် ဥပဒေကြောင်းအရ အကာအကွယ်ပေးရန်နှင့်
ရသင့်ရထိုက်သည့် ခံစားခွင့်များ အပြည့်အဝရရှိစေရန် အာဆီယံနိုင်ငံများ အားလုံး ပူးပေါင်း
ဆောင်ရွက်ရေး သဘောတူညီချက် မူကြမ်းကို ရေးဆွဲနိုင်ခဲ့သည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)ကလည်း အာဆီယံ ၁၀ နိုင်ငံ
အတွင်း အလုပ်သမားရေးရာ ကိစ္စများအပေါ် ၎င်းတို့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း
လုပ်ဆောင်ချက်များ၊ ရှေ့ဆက် ဆောင်ရွက်မည့် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

"ဒီဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေ အနေနဲ့လည်း မိမိတို့ နိုင်ငံတွေမှာရှိတဲ့ အလုပ်သမားတွေရဲ့
လူမှုဘဝမြင့်မားဖို့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(အိုင်အယ်လ်အို)ရဲ့ အကူအညီ
လိုအပ်ပါတယ်၊ အကူအညီပေးပါဆိုပြီး နိုင်ငံတော်တော်များများက တောင်းဆိုတာရှိတယ်၊
ဒါကိုလည်း အိုင်အယ်လ်အိုအနေနဲ့ စဉ်းစားပြီးတော့ ဘယ်လိုဖြည့်ဆည်းပေးမယ်ဆိုပြီး
ဆွေးနွေးသွားတယ်၊ အဲဒါကြောင့် ဒီဆွေးနွေးပွဲကြီးရဲ့ ရလဒ်ကတော့ အပြုသဘောဆောင်ပါတယ်"
ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က
ပြောသည်။

အလုပ်သမားများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို သုံးလအတွင်း အကောင်အထည်ဖော်
သွားမည်ဟုလည်း ၎င်းက ပြောသည်။

အဆိုပါ (၇)ကြိမ်မြောက် အာဆီယံကော်မတီ၏ အစည်းအဝေးနှင့် (၁၀) ကြိမ်မြောက် အဆင့်မြင့်
အလုပ်သမားအရာရှိကြီးများ အစည်းအဝေး၌ 'ဟန်ချက်ညီမျှပြီး တိုးတက်သာယာဝ ပြောသော
လုပ်ငန်းခွင်အတွက် ယှဉ်ပြိုင်နိုင်စွမ်းပြည့်ဝသော လုပ်သားထုဘဝမြှင့်တင်ရေး' ဟူသော
ဆောင်ပုဒ်ကို ချမှတ်ခဲ့သည်။

ဆောင်ပုဒ်ကို ချမှတ်ပြီးနောက် ၂၀၁၅ အာဆီယံအသိုက်အဝန်းကို ဦးတည်လျက်ယှဉ် ပြိုင်နိုင်
စွမ်းပြည့်ဝသော အာဆီယံလုပ်သားအင်အားထုကို တည်ဆောက်ရာတွင် အလုပ်အကိုင်ဈေးကွက်
သတင်းအချက်အလက်၊ လုပ်ငန်းနှင့် ကျွမ်းကျင်မှု မကိုက်ညီမှု၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊
တစ်သက်တာ လေ့လာသင်ယူမှု၊ ကျွမ်းကျင်မှု အသိအမှတ်ပြုခြင်းနှင့် နိုင်ငံအဆင့် အရည်အသွေး
သတ်မှတ်ချက်များအပြင် အားထားလောက်သော လုပ်ငန်းခွင် ဆက်ဆံရေး တိုးမြှင့်ခြင်းဆိုင်ရာ
ကိစ္စရပ်များသည် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် သက်ဆိုင်လျက်ရှိသဖြင့် စည်းလုံးစွာအားထုတ်မှု၊
အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဖြေရှင်းရန် လိုအပ်မည်ဖြစ်ကြောင်း အစည်းအဝေးသို့
တက်ရောက်လာသော အာဆီယံနိုင်ငံများ၏ အလုပ်သမားဝန်ကြီးများက အမြင်များဖလှယ်ခြင်းနှင့်
ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး