၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ အတက်အကျ အေးနေခဲ့သည့် ပြည်တွင်းရွှေဈေး နှုန်းမှာ လက်ရှိ
အချိန်အထိ ရောင်းအားတက် လာခြင်းမရှိသေးဟု နေပြည်တော် ရွှေဈေးကွက်မှ သိရသည်။
"ဇန်နဝါရီတုန်းကဆို ၁၅ ပဲရည်ကို ၆၁၅,၀၀၀ ထိသာကျသွားတယ်၊ အရောင်းတက်မလာဘူး။
ပုံမှန်လောက်ပဲရှိတယ်။ တောင်သူတွေကိုလည်း အရင်နှစ်များကလို မျှော်လို့မရတော့ဘူး။
အရောင်းက ပုံမှန်လေးပေါ့။ အခြေခံလူတန်းစာမှာတော့ ကိုယ့်ဆီကိုပြန်ပေါင်နှံသူနဲ့ ပြန်ရောင်းသူ
တွေကပိုများနေတယ်"ဟု ပျဉ်းမနားမြို့ရှိ '၀င်း' စိန်ရွှေရတနာဆိုင်မှ တာဝန်ရှိသူက ပြောသည်။
ပျဉ်းမနားမြို့တွင် လွန်ခဲ့သောနှစ်များဆီက ရွှေဆိုင်အများစု၌ တောင်သူများသီးနှံ ပေါ်ချိန်တွင်
အရောင်းအဝယ် ကောင်းခဲ့သော်လည်း နေပြည်တော် ၀န်ထမ်းမြို့ကြီး ဖြစ်လာပြီးနောက်
တောင်သူများရွှေဝယ် ယူမှုနည်းလာခဲ့သည်ဟု ရွှေဆိုင်အများစုက ပြောသည်။
နေပြည်တော်မြို့ပြစီမံကိန်း စတင်ချိန်က အိမ်ခြံမြေဝယ်ရောင်းများ ဖြစ်ထွန်းချိန််တွင် ရွှေဆိုင်များ
ရောင်းအားကောင်းခဲ့ကြသည်။
"ဘယ်သူတွေလုပ်နိုင်လဲဆိုတော့ နှစ်လုံး၊ သုံးလုံးနဲ့ ကေတီဗီမယ် ဒါတွေတော့လာကြတယ်။
လာနေကျ တောင်သူတွေလျော့သွားတယ်။ ၀န်ထမ်းတွေအနေနဲ့လည်း နည်းနည်းပါးပါးပဲ
လုပ်နိုင်တဲ့အနေအထားပဲရှိကြတယ်"ဟု ပျဉ်းမနားမြို့ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။
"ဈေးကျတယ်ဆိုတော့ အထည်တော့ လုပ်ချင်တာပေါ့။ အပိုအလျှံက နည်းပေမယ့် ကျန်းမာရေး
အတွက် လုပ်ထားရတာပေါ့။ ကိုယ်ပိုက်ဆံလိုတဲ့အချိန်မှာ ဈေးကျသွားတော့ ထပ်မလုပ်နိုင်တဲ့
အပြင် ပြန်ရောင်းရတာ ရှုံးသွားတာပဲ"ဟု ရွှေပြန်လည်ရောင်းချသူ ဒေါ်မြက ပြောသည်။
ရွှေအထည်ဈေးကွက် အကြမ်းခံသည့် မိုအပ်ထည်များ လူကြိုက်များလျက်ရှိသည်။
ဇွန် ၁၈ ရက်နေ့၊ မြန်မာနိုင်ငံ ရွှေကုန်သည်များအသင်းက ဂရမ်ပြားရွှေများထုတ်ရောင်းပြီးနောက်
ပြည်တွင်းရွှေ ဈေးကွက်သည် ကျပ် ၅,၀၀၀ ခန့်ဈေးမြင့် တက်လာခဲ့သည်။
"ဆောက်လုပ်ရေး လုပ်ငန်းတွေနည်း သွားရင် ၀ယ်သူရော၊ အပေါင်ရောနည်း သွားမယ်ထင်ထား
တာ။ အပေါင်ပစ္စည်းမှာ အစိုးရဝန်ထမ်းတွေ များလာတယ်။ ဒီနောက် ပိုင်းဝန်ထမ်းတွေမှာလည်း
ရွှေအကျစ်တွေ အဝယ်များလာကြတယ်။ အရင်လိုအပွတွေ သိပ်မဝယ်တော့ဘူး"ဟု
နေပြည်တော်မြို့မ ဈေးရှိ 'ငွေကံ့ကော်' စိန်ရွှေရတနာဆိုင်က ပြောသည်။
ရွှေဈေးအနိမ့်ဖြင့် တန်းနေသော်လည်း အရောင်းတက်မလာသည့်နောက် နေပြည်တော်ရွှေဆိုင်များ
မှ ရန်ကုန်ပန်းထိမ်များသို့ အပ်ထည်အမှာများလည်း လျော့နည်းခဲ့သည်ဟု ရွှေဆိုင်ပိုင်ရှင်များက
ပြောသည်။
"ဒီမှာရွှေဈေးကို စိတ်ဝင်စားတဲ့သူ နည်းတယ်။ ပိုက်ဆံရှိမှသာ ရွှေလုပ်ကြတာဆိုတော့
အချိန်တစ်ခုတော့ ပြောလို့မရဘူး။ ပိုက်ဆံရှိတယ်ဆို ရွှေလုပ်တယ်"ဟု ငွေကံ့ကော်က ပြောသည်။
နေပြည်တော်ရွှေဆိုင်များက ရွှေဈေးနှုန်းသည် အမြင့်ဆုံး ၆၇၈,၀၀၀ ခန့်ဖြင့်သာ အမြင့်ဈေးဖြစ်နေပြီး
ထပ်မံဈေးတက်လာနိုင်ချေ မရှိသေးကြောင်းနှင့် ရွှေဈေး ပြန်လည်ကျဆင်းရန် မျှော်လင့်လျက်
ရှိသည်။
မြန်မာနိုင်ငံရွှေကုန်သည်၊ ရွှေလုပ်ငန်းရှင်များနှင့် အစိုးရကသတ်မှတ်သည့် ရွှေအလေးချိန်
သတ်မှတ်ချက်များ အနည်းငယ်ကွာဟမှုများ ရှိနေကြောင်းသိရသည်။
နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမရှိ အခေါက်ရွှေ သွားရောက်ဝယ်ယူပြီး အလေးချိန်
တစ်ကျပ်သားတွင် ပြင်ပရွှေဆိုင်များသုံး အလေးချိန်ထက် အစိုးရသတ်မှတ် အလေးချိန်ကွာဟမှု
များရှိနေသည်မှာ အမှန်ဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
















